ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၂
သင်ခန်းစာ (၄)
ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်း
မျက်မှောက်မမြင်ဘဲ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိသည့်အတိုင်း ငါတို့သည် ကျင့်ဆောင်ပြုမူ သည်ဖြစ်၍…
၂ ကော ၅း၇
ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ကိုယ်တော်၏ နှုတ်ထွက်စကားတော်အား ကိုးစားခြင်းဖြစ်သည်။ ရှင်ပေါလု (Paul) သည် ယုံကြည်ခြင်းနှင့် ဘုရားသခင် နှုတ်ထွက်စကားတော်တို့၏ ဆက်စပ်မှုကို ဖော်ပြခဲ့သည်။ “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမ ၁၀း၁၇)
ခရစ်ယာန်တိုင်းသည် ဘုရားသခင်၏ ကတိတော်အချို့နှင့် ပတ်သက်ပြီး တခါတရံ သံသယစိတ် တွေ့ကြုံရ၏။ သင်သည်လည်း ထိုကဲ့သို့ တွေ့ကြုံပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ အပြစ်တရားအပေါ် အောင်မြင်နိုင်ကြောင်း သင်သံသယဖြစ်နေနိုင်ပါသည်။ ဘုရားသခင် သင့်အား အမှန်တကယ် ချစ်မချစ် (သို့မဟုတ်) သင့်ကယ်တင်ခြင်းအတွက် သံသယစိတ်များ ရှိနေနိုင်ပေသည်။ ယုံကြည်ခြင်းသည် နှုတ်ထွက်စကားတော်အားဖြင့် ဖြစ်သည့်အတွက် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို စိတ်နှလုံးထဲတွင် စွဲမြဲစွာ သိုမှီးထားခြင်းသည် သံသယစိတ်များကို ဖျောက်ဖျက်ပစ်ဘို့ရန် အကောင်းဆုံးသော အရာတစ်ခု ဖြစ်ပေသည်။
သမ္မာကျမ်းစာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအား ရှင်းလင်းဖော်ပြထားပြီး အချိန်ယူ လေ့လာပါက ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်စိတ်ချမှု ရရှိလာမည်ဖြစ်သည်။ နှုတ်ထွက်စကားတော်ကို သင်၏ စိတ်နှလုံးထဲ၌ သိုလှောင်ထားခြင်းအားဖြင့် သင်၏ ယုံကြည်ခြင်း ကြီးထွားလာပေမည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်သည် သင့်အား ဝိညာဉ်ရေးရာ အသိအမြင် (အသက်တာကို ဘုရားသခင်၏ ရှုဒေါင့်မှ မြင်တွေ့နိုင်သည့် အရည်အချင်း) ကိုပေးမည်ဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ ကတိတော်ကို သံသယကင်းခဲ့၏ ယုံမှားသောစိတ်နှင့် ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်ခြင်းအားကြီးသဖြင့် “ဘုရားသခင်ကို ချီးမွမ်း၍ ကတိထားတော်မူသော သူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏” (ရောမ ၄း၂၀-၂၁)