« Prev အမှာစာ အခန်းကြီး ၁ ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အမှာစာ
‘သင်၏ မျက်စိသည် သင့်ကို မှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲထဲသို့ ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏’ (မဿဲ ၁၈း၉)။
ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ ကြသူတိုင်း သေလွန်သောအခါ မိမိတို့၏ ဝိညာဉ်သည် ယေရှုခရစ်တော်နှင့် အတူ ကောင်းကင်ဘုံတွင် ဘုန်းတော်ဝင်စား ရမည်ဟု စိတ်ချကြ၏။ ထိုစိတ်ချမှုသည် ယေရှုခရစ်တော် ပေးသော စိတ်ချမှုပင် ဖြစ်၏။ မိမိဘာသာ ကြိုးစားဟန်လုပ်၍ မရနိုင်ပါ။ ထိုကြောင့် ၂ ကော ၅း၁၇ တွင်
‘လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ’ ဟု ဖေါ်ပြထားပါသည်။
ခရစ်တော်ကို လက်မခံမီ အပြစ်တရား၏ ကျွန်ဖြစ်ဘူးသော်လည်း၊ ခရစ်သော်ကို လက်ခံသောအခါ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်လာ၏။ အပြစ်တရား၏ အဘိုးအခကား သေသောအခါ ငရဲထဲသို့ သွားရမည်ဖြစ်သော်လည်း ခရစ်တော်ကို လက်ခံပြီးသောအခါ ‘ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင် ယေရှုအားဖြင့် ထာဝရ အသက်ပေတည်း’ (ရောမ ၇း၂၃) ဟူသော အဖြစ်မှန်ကို သိလာ၏။
ယေရှုခရစ်တော်ကို ရာနှုန်းပြည့် လက်ခံပြီး၊ မိမိ အသက်တာအတွက် ထာဝရ အသက်နှင့် ပတ်သက်သည့် စိတ်ချမှု ရပြီးသူများသည် မိမိ ပတ်ဝန်းကျင်တွင်ရှိသော အခြားလူသားများကို ဘုရားပေးမေတ္တာနှင့် ချစ်ခင်မြတ်နိုးမှုဖြစ်လာပြီး မိမိကဲ့သို့ပင် ထာဝရအသက်ကို သူတစ်ပါးအား ရယူစေလိုသော စိတ်သည် တဖွားဖွားပေါ်လာတော့၏။ ထို့ကြောင့် ရောက်လေရာအရပ် တွေ့လေရာ လူများကို ခရစ်တော်အကြောင်းနှင့် ထာဝရ အသက်အကြောင်းကို မပြောပြရလျှင် မနေနိုင်ကြတော့ပါ။ ဝိညာဉ်တခု ငရဲအိုးထဲ သွားရမည်ကို လွန်စွာမှ စိုးရိမ်ပေးတတ်၏။ ကောင်းကင်ဘုံသို့ ထာဝရ ဘုရားနှင့်အတူ ထာဝရအသက်ကို ရယူခံစားကြရန် အသိမပေးရလျှင်၊ မိမိ၌ ကြီးလေးသော တာဝန်တစ်ခု မကျေပွန်သကဲ့သို့ ခံစားရ၏။ လူသားတို့၏ ဝိညာဉ်ကို တန်ဘိုးထား တတ်လာ၏။
ထိုသူတို့၏ အသက်တာသည် ရှင်ပေါလု၏ အသက်တာနှင့် တူသောကြောင့် ရှင်ပေါလုအကြောင်းကို အသေးစိပ်သိရန် လိုအပ်လာပါ၏။