ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၀
သင်ခန်းစာ (၁)
ရှင်ယောဟန်သြဝါဒစာ ပထမစောင်
ဘယ်အချိန်၊ ဘယ်နေရာတွင် ရေးသနည်း
ယောဟန် (John)သည် ဤစာစောင်ကို သူအသက်ကြီးစဉ်၊ ခရစ်ခုနှစ် ၉၀ ပြည့်နှစ် လောက်က ရေးသားခဲ့သည်။ သူမည်သည့်နေရာမှ ရေးကြောင်း သေချာစွာ မသိရသော်လည်း၊ သူနှစ်ပေါင်းများစွာ အမှုတော် ဆောင်ခဲ့သည့် နေရာဟု ယူဆရသည့် ဧဖက်မြို့(Ephesus) နှင့် ဧဖက်မြို့ ပတ်ဝန်းကျင်ရှိ အသင်းတော်များထံသို့ ရေးသားလိုက်သော စာစောင်ဖြစ်ပေလိမ့်မည်။ (ဧဖက်မြို့သည် အာရှမိုင်းနား (Asia Minor) အနောက်ပိုင်းတွင် ရှိသည်။ စာအုပ်အမှတ် ၇ ရှိ မြေပုံကို ကြည့်ပါ။)
အဘယ်ကြောင့် ရေးသနည်း
ဦးနှောက်အသိဖြင့် ခရစ်တော်ကိုသိခြင်း၊ ခရစ်တော်နှင့် ပတ်သက်၍ မှားယွင်းစွာ သွန်သင်ခြင်းများကို တိုက်ဖျက်ရန်၊ ယောဟန်သည် ဤစာစောင်ကို ရေးသားခြင်း ဖြစ်သည်။ ကယ်တင်ခြင်း ရသည်ကို ကိုယ်တိုင် သိနိုင်ကြောင်း ၁ ယော ၅း၁၃ နှင့် ခရစ်ယာန် အသက်တာသည် ဘုရားသခင်နှင့်လည်းကောင်း၊ အခြားသူများနှင့်လည်းကောင်း၊ ညီညွှတ်သော မိဿဟာယ ဖွဲ့မှုရှိကြောင်း အလေးအနက် ဖော်ပြထားသည်။ စိတ်နှလုံးထဲတွင် ခရစ်တော် တည်ရှိသောအခါ အသက်တာတွင် ပေါ်လွင်ထင်ရှား လာမည့် သက်သေ အထောက်အထားများကိုလည်း ရေးသားထားသည်။
လေ့လာသုံးသပ်ခြင်း
ဤစာစောင် တစ်ခုလုံးကို အကြိမ်ကြိမ်ဖတ်ပါ။ အနည်းဆုံး တစ်ကြိမ်ကို၊ တစ်ထိုင်တည်းနှင့် ပြီးအောင်ဖတ်ပါ။ “ချစ်ခြင်းမေတ္တာ” ဆိုသည့် စကားလုံးသည် ဤစာစောင်၏ အဓိက သွန်သင်ချက် အချို့ကို ညွှန်ပြထားသည်။ “သိသည်” ဆိုသည့် စကားလုံးသည် အခြားသမ္မာတရားများကို ဖေါ်ထုတ်ရန် အထောက်အကူပြုသည်။ ဤစကားလုံးများ ဘယ်နှစ်ကြိမ်ပါ၍ ဘာကိုသွန်သင်နေကြောင်း သတိပြုပါ။ သင်၏ ကျမ်းစာထဲတွင် ထိုစကားလုံးများကို အမှတ်အသား ပြုထားနိုင်ပါသည်။
ဤစာစောင်ကို ဖတ်ပြီးသော အကြိမ်ပေါင်းကို ရေးပါ။ _______ ကြိမ်
“ချစ်”၊ “ချစ်ခြင်းမေတ္တာ” ဆိုသည့် စကားလုံးကို တွေ့ရှိရသော အကြိမ်ပေါင်းကို ရေးပါ။ _______ ကြိမ်
“သိသည်” ဆိုသည့် စကားလုံးကို တွေ့ရှိရသော အကြိမ်ပေါင်းကို ရေးပါ။_______ ကြိမ်