❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း

၁။ တပည့်တော်စု

တပည့်တော်တို့ အနေနှင့် မိခင် အသင်းတော်နှင့် တည်ရှိရာ သာသနာဝင်းကို အလွန်ပင် တွယ်တာ မြတ်နိုးလေ့ ရှိပါသည်။ သို့ရာတွင် မျက်မှောက်ခေတ်၌ အကြောင်း အမျိုးမျိုးကြောင့် ခရစ်ယာန်များ ပြန့်လွင့်လျက် ရှိကြပါသည်။ ဤသည်ပင် ကျေးဇူးတော်ကြောင့် ဖြစ်ရကြောင်း နားလည်ဖို့ လိုပါသည်။ အဘယ်ကြောင့် ဆိုသော် ခရစ်ယာန်တို့ ပြန့်လွင့်ရောက်ရှိရာ ဒေသတွင် နောက်တစ်နေ့၌ အသင်းတော် ဖြစ်လာမည့် တပည့်တော်စု၊ တစ်နည်းအားဖြင့် အမြုတေ အသင်းတော် ပေါ်ပေါက်လာခြင်း ကြောင့်တည်း။

ပြောင်းလဲလျက် ရှိသော အခြေအနေ အရပ်ရပ်ကို မျက်ခြည်မပြတ် သုံးသပ်လျက် တပည့်တော်စု တစ်ပါး ပေါ်ထွက်စေရန် ပုဂ္ဂိုလ်တစ်ဦး ပုဂ္ဂိုလ်တစ်စု အသင်းတော် တစ်ပါး သို့မဟုတ် သာသနာ အဖွဲ့အစည်း တစ်ပါးပါး အနေဖြင့် အစပြု၍ ပြုစုပျိုးထောင် ပေးရမည် ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းသည် သာသနာပြုမှု တစ်ရပ်ဖြစ်၍ ဓမ္မဝတ်၊ လောကဝတ် တို့ကို အနီးကပ် ကူညီမှု ပြုနိုင်ရန် ပုဂ္ဂိုလ် တစ်ဦးချင်း၊ ပုဂ္ဂိုလ်စုနှင့် သာသနာ အဖွဲ့အစည်း တို့အနေဖြင့် တပည့်တော်စုရှိ တပည့်တော် တို့နှင့် ညှိနှိုင်းပြီး နီးစပ်၍ တာဝန် ယူနိုင်သော အသင်းတော် တစ်ပါးပါးကို ကမကထပြု အသင်းတော် အဖြစ် တာဝန်ကို လွှဲအပ် သင့်ပါသည်။

ကမကထပြု အသင်းတော် အဖြစ် တာဝန်ယူသော အသင်းတော်သည်၊ တပည့်တော်စုကို မိမိ၏ သာသနာ လုပ်ကွင်း အဖြစ်နှင့် စည်းရုံး ဆက်သွယ်မှု ကိစ္စအပါအဝင် ဓမ္မဝတ် (နှစ်ခြင်း၊ ပွဲတော်) လောကဝတ် တို့တွင် ဦးဆောင်မှု ပြု၍ အသင်းတော် တစ်ပါးအဖြစ် ရောက်သည့် တိုင်အောင် ပြုစုပျိုးထောင် ပို့ဆောင်ပေး ရမည်ဖြစ်သည်။

ထိုသို့ သာသနာ ပြုလျက် ရှိကြောင်းကို ကမကထပြု အသင်းတော်က မိမိတို့ပါဝင် မိဿဟာယ ဖွဲ့သော နယ်အသင်းတော် များအဖွဲ့၊ အဖွဲ့ချုပ် တို့အား တရားဝင် အသိပေးထား ခြင်းဖြင့် မိမိတို့ တွေ့ရှိ သိကျွမ်းရသော အစုသည် တပည့်တော်စု ဖြစ်ကြောင်း နယ်အသင်းတော် များအဖွဲ့ အဖွဲ့ချုပ်တို့၏ သိမှတ်မှု၊ ဆက်သွယ်မှုတို့ကို ရရှိမည် ဖြစ်ပါသည်။

တပည့်တော်စု ဖြစ်စဉ် ကာလ၌ အခြားဒေသ တို့မှ ရွှေ့ပြောင်းလာရောက် နေထိုင် သူတို့သည် တပည့်တော်စု စာရင်းတွင် ပါဝင်သော်လည်း မိမိတို့နှင့် သက်ဆိုင်ရာ မိခင် အသင်းတော် တို့နှင့် ကင်းကွာမှု မရှိ၊ အသင်းသားစစ် များအဖြစ် ဆက်လက် ရပ်တည်လျက် ရှိပါသည်။ ကမကထပြု အသင်းတော်က တာဝန်ယူ၍ နှစ်ခြင်းမင်္ဂလာ ပေးသော အသင်းဝင်သူ လူသစ်များသည် ကမကထပြု အသင်းတော်၏ အသင်းသား များအဖြစ် ရပ်တည် ရပါသည်။

Continue… » »


❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.