❮ မာတိကာ ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၂ သက်သာလောနိတ် Next ❯


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ (ပထမစောင်)
1 Thessalonians

နိဒါန်း Introduction

သူတို့သည် တစ်လှမ်းချင်း လျှောက်နေကြသည်။ သစ်ရွက်ကြွေများ၊ မြက်များတို့သည် သူတို့၏ လေးလံသော ခြေလှမ်းများအောက်တွင် လွင့်စင်လျက် လှုပ်ရှားလျက် ရှိသည်။ သင်းအုပ်ဆရာ ပြောကြားသော စကားများသည် သူတို့၏ စိတ်၌ ပဲ့တင်သံ ခတ်လျက်ရှိသည်။ သူတို့ ချစ်မြတ်နိုးသော သူ၏ အလောင်းကို အပြီးသတ်မြေဖို့ရန် ပြင်ဆင်သံများ ကိုလည်း ကြားနေရသည်။ သေခြင်းတရား တည်းဟူသော ရန်သူသည် ချစ်မြတ်နိုးရသော မိသားစု၊ မိတ်ဆွေကို ကျွန်ုပ်တို့နှင့် အဆက်အသွယ် ဖြတ်စေပြီး၊ ထိုသူနှင့် ပတ်သက်သော သတိရစရာများ၊ မျက်ရည်များ… နှင့် အထီးကျန်မှု တို့ကိုသာ ကျွန်ုပ်တို့၌ ကျန်ရစ်စေသည်။

မြူများဖြင့် အုံ့ဆိုင်းနေသော ကောင်းကင်ကို နေရောင်ခြည်သည် ဖောက်ထွင်း သကဲ့သို့ အမှန်တရား တစ်ခုသည် ကျွန်ုပ်တို့၏ မှုံဝါးနေသော စိတ်သွင်ကို ထိုးဖောက် လာပါသည်။ ယင်းမှာ သေခြင်းသည် အဆုံးမဟုတ်၊ ခရစ်တော်သည် သေခြင်းကို အောင်မြင်ပြီး သူအားဖြင့် ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ရန် မျှော်လင့်ချက်ရှိသည်။

လူသားများ အားလုံး ကဲ့သို့ပင် ပထမရာစု ခရစ်ယာန် များသည် သေခြင်းတရားကို ရင်ဆိုင်ကြရသည်။ ခရစ်တော်ကို မုန်းတီးသော ထိုကဲ့သို့သော သူတို့နှင့် သင်းဖွဲ့သော သူတို့၏ လက်ချက်ကြောင့် မြောက်များစွာသော ခရစ်ယာန်တို့သည် စောစီးစွာဖြင့်ပင် သေဆုံးခဲ့ ကြရသည်။ ခရစ်ယာန်တို့သည် တယူသန် ဂျူးလူမျိုး (Jewish) များ (ပေါလု (Paul) မပြောင်းလဲမီ အချိန်ကကဲ့သို့) ဒေါသကြီးသော ဂရိ (Greece) များ၊ ရက်စက်သော ရောမ (Romans) အာဏာပိုင်များ၏ ကျောက်ခဲဖြင့်ပစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ကားတိုင်တင်ခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ‘ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်ခြင်း’ ၏ အဓိပ္ပါယ်မှာ အရာအားလုံးကို စွန့်လွှတ်ခြင်းလည်း ဖြစ်သည်။

ပေါလုသည် သူ၏ ဒုတိယ သာသနာပြု ခရီးစဉ်တွင် သက်သာလောနိတ်မြို့ (Thessalonica) ၌ အသင်းတော်ကို တည်ထောင်ခဲ့သည် (A.D. 51)။ ထို့နောက်တွင် ထိုမြို့ရှိ ယုံကြည်သူ အသစ်များအား ခွန်အားပေးရန် ဤစာကို ပေါလုမှ ရေးခဲ့သည်။ ဤစာ၌ သူ၏ ထိုသူများအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ၊ နှိပ်စက် ညှင်းပန်းမှုများကို ခံရစဉ် အချိန်၌ပင် ထိုသူတို့၏ သစ္စာရှိမှုကို ချီးမွမ်းခြင်း၊ သူတို့၏ မျှော်လင့်ချက် (ကယ်တင်ပိုင်ရှင် သခင်သည် ပြန်လည် ကြွလာမည်မှာ သေချာခြင်း) ကို သတိရစေခြင်း စသည်တို့ကို ဖော်ပြထားသည်။

ပေါလုသည် သူတို့အားလုံး တို့၏ ယုံကြည်ရပ်တည်ချက်၊ သက်သာလောနိတ် မြို့သားတို့၏ ခိုင်မာသော ယုံကြည်ခြင်း၊ ကောင်းသော ပုံသက်သေ တို့အတွက် ဘုရားရှင်အား ချီးမွမ်းခြင်းတို့ဖြင့် ဤစာကို အစပြုထားသည်။ (၁း၁-၁၀) ထို့နောက် ပေါလုနှင့် ထိုမြို့သား တို့၏ ဆက်ဆံရေး၊ သူနှင့်သူ၏ အပေါင်းအဖော်တို့မှ ထိုမြို့သို့ ဧဝံဂေလိတရား (Gospel) အား မည်သို့ ယူဆောင်ခဲ့ပုံ (၂း၁-၁၂)။ ထိုသူတို့မှ မည်ကဲ့သို့ ထိုဧဝံဂေလိတရားအား လက်ခံခဲ့သည် (၂း၁၃-၁၆)။ ပေါလု မည်မျှပင် ထိုသူတို့နှင့် ပြန်လည်တွေ့ဆုံလိုကြောင်း (၂း၁၇-၂၀)။ ထိုသူတို့၏ ယုံကြည်ခြင်းကို မြှင့်တင်ရန်အတွက် တိမောသေ (Timothy) အား စေလွှတ်သည်အထိ ပေါလုမှ ထိုသူတို့အတွက် စိုးရိမ်မှု ရှိခဲ့သည့် အကြောင်းတို့ကို ဆက်လက်ဖော်ပြထားသည် (၃း၁-၁၃)။

ထိုနောက် သူ အဓိကထား ပြောလိုသော ဘုရားရှင်အား ချီးမွမ်းခြင်းနှင့် သက်သာနှစ်သိမ့်ရာ ရခြင်းကို ဖော်ပြထားသည်။ ထိုသူတို့မှ မတရားသော မေထုန်ကို ကြဉ်ရှောင်ရန် (၄း၁-၈)၊ အချင်းချင်း ချစ်ရန် (၄း၉-၁၀)၊ အပြစ်နှင့် ပြည့်ဝနေသော ဤကမ္ဘာ၌ ကောင်းသော နိုင်ငံသားကဲ့သို့ နေထိုင်ရန် ထိုသူတို့အား ပေါလုမှ စိန်ခေါ်ထားသည် (၄း၁၁-၁၂)။

ပေါလုသည် သက်သာလောနိတ်မြို့သားများအား ရှင်ပြန်ထမြောက်ခြင်း တည်းဟူသော မျှော်လင့်ခြင်းကို ပြန်လည် သတိရခြင်းဖြင့် သက်သာမှုကို ရစေသည် (၄း၁၃-၁၈)။ ခရစ်တော်သည် မည်သည့် အချိန်၌မဆို ပြန်လည် ကြွရောက်လာနိုင်သည် ဖြစ်သောကြောင့် အချိန်တိုင်း၌ ပြင်ဆင်မှု ရှိကြရန် သတိပေးထားသည်။ ခရစ်တော် ပြန်လာသော အခါ၌ အသက်ရှင်လျက် ရှိသော ခရစ်ယာန်များ၊ သေဆုံးပြီးသော ခရစ်ယာန်များ တို့သည် အသစ်သော အသက်တာ၌ ရှင်ပြန်ထမြောက် ကြလိမ့်မည် (၅း၁-၁၁)။

ပေါလုသည် သက်သာလောနိတ်မြို့သား များအား အနည်းငယ် ပြန်လည် သတိပေး ထားသည်။ (ဒုတိယအကြိမ် ကြွလာခြင်းအတွက် မည်ကဲ့သို့ ပြင်ဆင်ရမည်ကို) မတရားစွာ ပြုသော သူတို့ကို သတိပေးကြလော့၊ စိတ်ငယ်သော သူတို့ကို အားပေးကြလော့၊ အားနည်းသော သူတို့ကို ထောက်မကြလော့၊ ခပ်သိမ်းသော သူတို့အား ရှည်သောစိတ် ရှိစေကြလော့ (၅း၁၄)၊ ခပ်သိမ်းသော သူတို့အား ကျေးဇူးပြုကြလော့ (၅း၁၅)၊ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့ (၅း၁၆)၊ မခြားမလပ် ဆုတောင်းကြလော့ (၅း၁၇)၊ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ (၅း၁၈)၊ ခပ်သိမ်းသော အရာကို စုံးစမ်းစစ်ဆေးကြလော့ (၅း၂၀-၂၁)၊ မကောင်းသော အမှုအမျိုးမျိုး ရှိသမျှကို ရှောင်ကြလော့ (၅း၂၂)။ ပေါလုသည် ဤစာကို ဆုတောင်းချက် နှစ်ခုအားဖြင့် အဆုံးသတ် ထားသည်။

ဤစာကို ဖတ်သောအခါတွင် သင်သည် ပေါလု၏ ခရစ်ယာန် အသက်တာ၌ အသက်ရှင်ရန်အတွက် လက်တွေ့ကျသည့် အကြံပြုချက်များကို သတိပြု နားထောင်ပါ။ သင်သည် ဝမ်းနည်းကြေကွဲမှုများနှင့် လေးလံပြည့်ဝနေသော အချိန်များတွင် ခရစ်တော် ပြန်လည်ကြွလာခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရ အသက်တာ တို့၌ မျှော်လင့်ချက် ထားရှိပါ။

Continue… » »


❮ မာတိကာ ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၂ သက်သာလောနိတ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.