❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အခန်းကြီး ၅ စာရေးသူ၏အမှာစာ Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

အခန်းကြီး ၅

၅း၁၄-၁၅ ရှင်ယာကုပ် (James) က ခန္ဓာကိုယ် နာမကျန်း ဖြစ်နေသော သူတဦးအား ရည်ညွှန်းထားသည်။ ကျမ်းစာ၌ ဆီကိုဆေးအဖြစ် သုံးသကဲ့သို့ (လုကာ ၁၀း၃၀-၃၇) ဘုရားသခင်၏ ဝိညာဉ်တော်ကိုလည်း ပုံဆောင်သည် (ဓမ္မရာဇဝင် ပထမစောင် ၁၆း၁-၁၃)။ ထို့ကြောင့်ဆီသည် အသက်တာ၏ ကျန်းမာရေးနှင့် ဝိညာဉ်ရေးရာကို ပုံဆောင်သည်။ ခရစ်ယာန်တို့သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ခွဲခြားထား၍ မရပါ။ ယေရှုခရစ်သည် ကိုယ်ခန္ဓာနှင့် ဝိညာဉ် နှစ်ခုလုံး၏ အရှင်သခင် ဖြစ်သည်။

၅း၁၄-၁၅ အသင်းတော်၌ လူတို့သည် သီးခြားနေ၍ မရပါ။ ခရစ်တော်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်သော ကျွန်ုပ်တို့သည် တဦးကိုတဦး ကူညီမှုရှိရမည်။ အထူးသဖြင့် နေမကောင်း သောအချိန်၊ စိတ်မသာသော အချိန်များ၌ ထိုသို့ဖြစ်ရမည်။ အသင်းထောက် များသည် အသင်းဝင်တို့ နာမကျန်း ဖြစ်သောအခါ၌ ကူညီနိုင်ရန် အဆင်သင့် ဖြစ်ရမည် ဖြစ်ပြီး အသင်းတော်သည် အသင်းဝင်တို့၏ လိုအပ်ချက်များကို အလေးထားရမည်။

၅း၁၅ ‘ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်း’ သည် နာမကျန်းသော သူ၏ ယုံကြည်ခြင်းကို ရည်ရွယ်ပြောဆိုခြင်း မဟုတ်ဘဲ၊ ဆုတောင်းသော သူတို့၏ ယုံကြည်ခြင်းကို ရည်ညွှန်းသည်။ ဘုရားသခင်ကသာ ကျန်းမာခြင်းကို ဖြစ်စေသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ကျန်းမာရသည် မဟုတ်ပါ။ ဆုတောင်းချက်များသည် ဘုရားသခင်၏ အလိုတော် အတိုင်းသာ ဖြစ်ရသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ ကျန်းမာစေမှု၌ တစိတ်တဒေသ ဖြစ်သည်။

၅း၁၆ ခရစ်တော်၏ လုပ်ဆောင်မှုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် ထံသို့ တိုက်ရိုက်သွား၍ ခွင့်လွှတ်ခြင်းကို ခံယူနိုင်သည်။ သို့သော် တဦးနှင့်တဦး အပြစ်ဖော်ပြ ဝန်ခံခြင်းသည် အသင်းတော်၏ အသက်တာ၌ ဆက်၍ အရေးကြီးသည်။

(၁) ကျွန်ုပ်တို့သည် သူတဦးအပေါ်၌ အပြစ်ပြုလျှင် ထိုသူထံမှ အပြစ်လွှတ်ခြင်းကို တောင်းခံရမည်။
(၂) ကျွန်ုပ်တို့၏ အပြစ်ကြောင့် အသင်းတော်၌ ထိခိုက်မှု ဖြစ်လျှင် ကျွန်ုပ်တို့သည် လူအများရှေ့၌ ဖော်ပြရမည်။
(၃) ကျွန်ုပ်တို့ ရုန်းကန်နေသော အပြစ်အတွက် မေတ္တာဖြင့် အကူအညီလိုလျှင် ထိုသို့ကူညီနိုင်မည့် သူများထံသို့ အပြစ်ဖော်ပြရမည်။
(၄) ဘုရားသခင်၏ ခွင့်လွှတ်ခြင်း အပေါ်၌ သံသယစိတ် ဖြစ်ပေါ်လျှင် ထိုအပြစ်ကို ယုံကြည်သူ အသင်းဝင်အား ဖော်ပြပြီး ဘုရားသခင်၏ ခွင့်လွှတ် ခြင်းကို ခိုင်မာစေပါ။

ခရစ်တော်၏ နိုင်ငံတော်၌ ယုံကြည်သူ အားလုံးတို့သည် အခြားသော ယုံကြည်သူများ အတွက် ယဇ်ပရောဟိတ် (Priest) များ ဖြစ်ကြသည် (၁ ပေ ၂း၉)။

၅း၁၆-၁၈ ခရစ်ယာန်တို့၏ ကြီးမားသော တန်ခိုး အရင်းအမြစ်မှာ ဆုတောင်းခြင်း အားဖြင့် ဘုရားသခင်နှင့် ဝတ်ပြုခြင်းဖြစ်သည်။ ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် ကျွန်ုပ်တို့ ထင်မြင်သည်ထက် ပို၍ကြီးမားလေ့ ရှိသည်။ အခြားလုပ်ဆောင်ရန် နည်းလမ်းမရှိသော အခါ၌သာ ဆုတောင်းသော နည်းလမ်းကို အသုံးပြုရသည်ဟု လူအချို့ မြင်တတ်သည်။ ထိုသို့ထင်ြမင် လုပ်ဆောင်ခြင်းသည် ပြောင်းပြန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် ပထမဖြစ်ရမည်။ ဘုရားသခင်၏ တန်ခိုးသည် ကျွန်ုပ်တိုပ၏ စွမ်းအားထက် အတိုင်းအဆ ကြီးမားသည် ဖြစ်သောကြောင့် ထိုတန်ခိုးကို အမှီပြုခြင်းသည်သာ အဓိပ္ပါယ်ရှိသည်။ ဘုရားသခင်ကလည်း ထိုသို့လုပ်ဆောင်ရန် အားပေးသည်။

၅း၁၇ ပရောဖက် ဧလီယ (Elijah) နှင့် ပတ်သက်၍ ဓမ္မ ၃း၁၈ ၌တွေ့နိုင်သည်။

၅း၁၉-၂၀ သမ္မာတရားမှ လွှဲရှောင်သွားသော သူသည် အပြစ်တရား၌ ကျရောက်ခဲ့သောကြောင့် ဖြစ်သည်။ ယုံကြည်သည့်အတိုင်း ဆက်လက်၍ အသက်မရှင်သော သူလည်းဖြစ်သည်။ “ကယ်တင်ခြင်း မဆုံးရှုံးနိုင်” ဟူသော ခံယူချက်သည် ခရစ်ယာန်များ အတွင်း၌ သဘော မတူညီမှုများ ရှိသည်။ တူညီသော သဘောထား တခုမှာ ကယ်တင်ခြင်း ဆုံးရှုံးရမည့် အခြေတွင်ရှိသော သူသည် ကြီးမာသော အခက်အခဲ အခြေအနေ၌ ရှိပြီး နောင်တ ရရန်လိုအပ်သည်။ ရှင်ယာကုပ် (James) က ကျဆုံးနေသော ခရစ်ယာန်များကို ကူညီကြရန် တိုက်တွန်းထားသည်။ ထိုသူအား လက်ကမ်းခြင်း၊ ထိုသူအပေါ် ဆုတောင်း ပေးခြင်း၊ မေတ္တာဖြင့် လုပ်ဆောင်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ထိုသူ၌ ဖြစ်ပျက်နေသော အရာများကို နားလည်ပြီး ဘုရားသခင် ထံတော်သို့ ပြန်လည် ခေါ်ဆောင်ကာ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုရစေပါ။

၅း၂၀ ရှင်ယာကုပ် သြဝါဒစာသည် လုပ်ဆောင်မှုရှိသော ယုံကြည်ခြင်းကို အလေးထား ပြောပြသည်။ မှန်ကန်စွာ အသက်ရှင်ခြင်းသည် ယုံကြည်ခြင်း၏ သက်သေ အကျိုးကျေးဇူး ဖြစ်သည်။ အသင်းတော်၌ ကြင်နာခြင်းဖြင့် အစေခံခြင်း၊ မေတ္တာဖြင့် မှန်ကန်စွာပြောဆိုခြင်း၊ ဘုရားသခင်၏ မိန့်မှာချက်များကို နာခံခြင်း၊ တဦးကိုတဦးချစ်ခြင်းတို့ဖြင့် ပြည့်ဝနေရမည်။ ယုံကြည်သူများဖြင့် ဖွဲ့စည်းထားသော အသင်းတော် တည်းဟူသော ခန္ဓာတော်သည် ဤကမ္ဘာ၌ ကောင်းကင်နိုင်ငံတော်၏ အသွင်ကို ဆောင်ရမည်။ ဘုရားသခင်အား ချစ်ခြင်း၊ တဦးကိုတဦး ချစ်ခြင်းအားဖြင့် လူများတို့အား ခရစ်တော် ထံသို့ပို့ဆောင်ရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကားကို အမှန်တကယ် ယုံကြည်လျှင်၊ ထိုယုံကြည်သည့်အတိုင်း နေ့စဉ်အသက်ရှင် ရလိမ့်မည်။ ဘုရားသခင်၏ စကားတော်များသည် ကျွန်ုပ်တို့အတွက် ဖတ်ရှုရန်၊ စဉ်းစားရန် ဖြစ်သည်သာမက ကျွန်ုပ်တို့မှ လိုက်လျှောက် လုပ်ဆောင်သော အရာများ ဖြစ်ရမည်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ စိတ်ချခြင်း၏ ခြေလက်များသည် ကျွန်ုပ်တို့ လူသားများဖြစ်သည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အခန်းကြီး ၅ စာရေးသူ၏အမှာစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.