ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၂
သင်ခန်းစာ (၇)
သက်သေတစ်ဦးအနေဖြင့် အသက်ရှင်ခြင်း
စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့၊ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြန်ပြောခြင်းငှါ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့
၁ ပေ ၃း၁၅
ခရစ်တော်၌ရှိသော သင်၏ယုံကြည်ခြင်း အကြောင်းကို မေးမြန်းစုံစမ်းသူ တစ်ဦးအား မည်ကဲ့သို့ ပြန်လည်ဖြေကြားမည်နည်း။ သင်၌အဖြေ အဆင်သင့် ရှိပါသလား။ ရှင်ပေတရုက ပထမအဆင့်သည် “စိတ်နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေခြင်း” ရှိရမည်ဟု ဖေါ်ပြထားသည်။ ရိုသေခြင်း ဆိုသည်မှာ သီးခြားထားရှိပြီး ဆက်ကပ်ခြင်းဟူ၍ အဓိပ္ပါယ်ပေါက်သည်။ ဘုရားသခင်သည် အရှင်သခင်ဖြစ်ကြောင်း နှလုံးသားထဲ၌ အသိအမှတ်ပြုခြင်း၊ သူ့အား ဂုဏ်ပြုခြင်းအားဖြင့် ဘုရားသခင်အား ရိုသေခြင်းရှိရမည်။ ဘုရားသခင်အား ပိုမိုချစ်ခင်ပြီး ဝတ်ပြုကိုးကွယ်သည်နှင့် အမျှ အခြားသူများအား ဘုရားသခင်၏ အကြောင်းကို ပိုမိုပြောကြားလိုသော ဆန္ဒဖြစ်ပေါ်လာမည်။
ခရစ်တော်နှင့် သင် မိဿဟာယဖွဲ့ခြင်းကို ပတ်ဝန်းကျင်ရှိ လူများက သတိမပြုမိဘဲနေမည် မဟုတ်သဖြင့် မေးမြန်းလာသူများအား ဖြေဆိုရန် အဆင်သင့် ပြင်ဆင်ထားပါ။ ပေတရု (Peter) နှင့် ယောဟန် (John) တို့အား အခြားသူများက မေးမြန်းကြသောအခါ သူတို့က “ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသော အရာတို့ကို မဟောမပြောဘဲ မနေနိုင်” ဟု ပြောဆိုခဲ့၏။ (တမန် ၄း၂၀) သင်၏ အသက်တာထဲသို့ ခရစ်တော် ယူဆောင်လာခဲ့သည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့အား သင်တွေ့ကြုံခံစား ခဲ့ရပြီးဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ ခရစ်တော်၏ နှုတ်ထွက်စကားများဖြစ်သော ချစ်ခြင်းမေတ္တာနှင့် အပြစ်ခွင့်လွှတ်ခြင်း အကြောင်းကို သင်ကြားသိခဲ့ပြီးဖြစ်ပေသည်။
သင်၏ အဖြေသည် သင်ကြားသိပြီးသော၊ သင် မင်တွေ့ပြီးသော အရာများဖြစ်ပါစေ။ ၁ ပေ ၃း၁၅ ကို ကျက်မှတ်စဉ်တွင် ခေတ္တရပ်နားပြီး၊ သင်၏ ကယ်တင်ရှင်ကို အမြင်သစ်နှင့် လေ့လာကြည့်ပါ။ ထို့နောက် သင်မြင်တွေ့ခဲ့သောအရာများကို အခြားသူတို့အား ဝေငှရန် အသင့်ပြင်ဆင်ထားပါ။