« Prev ကမ္ဘာဦးကျမ်း . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၁၀
၁၀း၎ ဤပုံဥပမာသည် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး၌ လက်တွေ့ အသုံးဝင်ပေသည်။ အလုပ်သမားသည် အလုပ်ရှင် စိတ်ဒေါသ ပြေသည့်အထိ သည်းခံစိတ် ထား၍ ဆက်လက်လုပ်ဆောင် ရမည်။ အကယ်၍ ကျွန်ုပ်တို့သည် တိတ်ဆိတ်စွာနှင့် မိမိလုပ်ဆောင် ဖွယ်ရာအလုပ်များကို လုပ်ဆောင်ပြီး စိတ်ပျက်ခြင်း မဖြစ်ပေါ်လျှင် အလုပ်ရှင်သည် ဒေါသပြေပြီးနောက် ပြေလည်မှု ရှိလာမည်ဖြစ်သည်။
၁၀း၅-၇ မတရားသော(သို့) အဓိပ္ပါယ်မဲ့သော အခြေအနေများအား ဖော်ပြခြင်းဖြင့် ရှောလမုန်မှ ဥာဏ်ပညာ တစ်ခုတည်းသော တရားမျှတမှုကို မဖြစ်ပေါ်စေနိုင်ဟု ပြောဆိုခဲ့သည်။ ရှောလမုန်သည် ယင်းမှ ဆက်လက်၍ ပြုသောကောက်ချက်မှာ ကျွန်ုပ်တို့တွင်ရှိသော အရာများအားလုံးသည် (ဥာဏ်ပညာမှသည် ချမ်းသာခြင်း တိုင်အောင်) ဘုရားသခင်မပါရှိလျှင် အနတ္တသာဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့တွင်ရှိသော သေးငယ်သည့် အရာကိုပင်ဖြစ်စေ အသုံးပြုသော အခါ၌ ထိုသေးငယ်သော အရာမှသည် ကျွန်ုပ်တို့မည်သည့်အခါမျှ မလိုလား မတောင့်တ နိုင်ခဲ့သော ပြည့်စုံခြင်းကို ဖြစ်ပေါ်စေပါသည်။
၁၀း၁၀ လိုအပ်သော ကျွမ်းကျင်မှု(သို့) ပစ္စည်းကိရိယာ မပါရှိသော ကြိုးပမ်းမှုတို့သည် အသွားမထက်သော ပုဆိန် (Ax) နှင့် ခုတ်ဖြတ်ခြင်းနှင့်တူသည်။ အကယ်၍ သင်၏ ပုဆိန်သည် တုံးနေလျှင် ပုဆိန်အသွားကို သွေးခြင်းဖြင့် ပို၍ကောင်းမွန်သော ခုတ်ဖြတ်မှုကို ဖြစ်စေသည်။ ထို့နည်းတူစွာပင် သင်၌ ကျွမ်းကျင်မှု မရှိလျှင် သင်တန်းများ လက်တွေ့ပုလုပ်ခြင်း များမှတဆင့် ထက်မြတ် ကျွမ်းကျင်အောင် ပြုလုပ်သင့်သည်။ အထက်ပါ အခြေအနေ တစ်ခုစီ၌ ပုဆိန်အသွား သွေးခြင်းဆိုသည်မှာ ပြဿနာ မည်သည့်နေရာ၌ ရှိသည်ကို သတိပြုခြင်း ပို၍ကောင်းမွန်သော အလုပ်ကို လုပ်ဆောင်ရန် ကျွမ်းကျင်မှု(ကိရိယာ) ရယူခြင်းနှင့် ထို့နောက် သွား၍ လုပ်ဆောင်ခြင်းဖြစ်သည်။ သင်၏အသက်တာ ပုဆိန်၌ အသွားတုံးနေသော အစိတ်အပိုင်းကို ရှာဖွေပြီး ဘုရားသခင်၏ အလုပ်ကို လုပ်ဆောင်ရာ၌ ပို၍ ထိရောက်မှုရှိရန် အသွားသွေးခြင်းကို ပြုလုပ်ပါ။
၁၀း၁၆-၁၈ မပြည့်ဝသော၊ တာဝန်မဲ့သော ခေါင်းဆောင်များ ရှိခဲ့သောအချိန်များ၌ ဣသရေလ (Israel) နိုင်ငံသည် ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဓမ္မရာဇဝင် တတိယစောင်နှင့် စတုတ္ထစောင် များတွင် ဖော်ပြထားသည်မှာ ခေါင်းဆောင်များသည် မိမိ၏ လိုအပ်ချက်များကိုသာ အလေးထားသော အခါများ၌ နိုင်ငံတော်ကျဆင်းမှု ဖြစ်ပေါ်ခဲ့ရသည်။ ယင်းကျမ်းပိုဒ်များသည် ထိုခေါင်းဆောင်တို့၏ အခြေခံပြဿနာများကို (တကိုယ်ကောင်း ဆန်မှုနှင့် ပျင်းရိမှု) ထောက်ပြထားသည်။
၁၀း၁၉ တိုင်းပြည်ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မိသားစုများ၊ အသင်းတော်များ၌ပင် ငွေသည် ပြဿနာ အားလုံး၏ အဖြေဖြစ်သည် ဟူသော တွေးခေါ်မှု ထောင်ချောက်၌ ညှိနေတတ်သည်။ ကျွန်ုပ်တို့သည် ပြဿနာအပေါ်၌ ငွေကို ပုံပေးလေ့ရှိသည်။ သို့သော် စပျစ်ရည်၏ အရှိန်သည် တခဏသာ ဖြစ်သကဲ့သို့၊ ပစ္စည်းအတုတို့သည် အသုံးမခံ သကဲ့သို့ပင် ခဏတာပြေလည်မှုသာ ရရှိကြသည်။ ကျမ်းစာ၌ ငွေကြေးသည် လိုအပ်သော အရာဖြစ်ကြောင်း၊ အသိအမှတ် ပြုထားသော်လည်း ငွေကိုချစ်ခြင်းအား သတိပေးထားသည် (မဿဲ ၆း၂၄၊ တိမောသေ ပထမစောင် ၆း၁၀၊ ဟေဗြဲ ၁၃း၅)။ ငွေသည် အန္တရာယ် အလွန်ကြီးမားသည်။ အဘယ်ကြောင့်ဆိုသော် ငွေမှ ‘ချမ်းသာခြင်းသည် ကျွန်ုပ်တို့လိုအပ်သော အရာများအားလုံးကို အလွယ်ကူဆုံး ရနိုင်သည့် နည်းလမ်းဖြစ်သည်’ ဟု တွေးဆစေရန် ကျွန်ုပ်တို့အား သွေးဆောင်သည်။ ငွေကိုချစ်ခြင်းသည် အပြစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြဿနာပြေလည်ရန် ဘုရားသခင်အား ယုံကြည်ကိုးစားသည်ထက် ငွေကိုပို၍ ကိုးစားသောကြောင့်ဖြစ်သည်။ ငွေ၏ အနှစ်သာရ မရှိသော ကတိနောက်သို့ လိုက်သော သူတို့သည် တစ်နေ့၌ သူတို့တွင် ဘာမျှမရှိတော့သည်ကို တွေ့ရှိလာမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုသူတို့သည် ဝိညာဉ်ရေးရာ အားဖြင့် ဒေဝါလီ(ဘာမျှမရှိ) ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။