ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၇
နိဒါန်း
ရည်ရွယ်ချက်နှင့်လေ့လာပါ
အသက်ရှိခြင်းနှင့် ကြီးထွားခြင်းကို ဒွန်တွဲ၍ တွေ့ရသည်။ ထိုနည်းတူ ခရစ်ယာန်တစ်ဦးသည် ၎င်း၏ခရစ်ယာန် အသက်တာတွင် ပုံမှန်ကြီးထွားနေသည်ကို တွေ့ရလျှင် ထိုသူသည် ကျမ်းမာသည့် ခရစ်ယာန် တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ စာအုပ်အမှတ် ၅ နှင့် ၆ တွင် ခရစ်တော်၌ ရင့်ကျက်လာစေရန် သင့်အား အထောက်အကူပြုမည့် နှုတ်ထွက်စကားတော် သမ္မာတရားများ (Truths) ကို လေ့လာမည်ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ထွက်စကားတော်သည် ခရစ်ယာန်အသက်တာ ကြီးထွားမှုအတွက် အခြေခံဖြစ်သည်။ နှုတ်ထွက်စကားတော်ကို အကျိုးရှိစွာ နားလည်သဘောပေါက်နိုင်ရန် ကျမ်းစာကို ကျက်မှတ်ခြင်း၊ လေ့လာခြင်း၊ ဖတ်ခြင်း၊ ဟောပြောချက်နှင့် သွန်သင်ချက်များကို ကြားနာခြင်းများ ပြုလုပ်ရမည်။ ဤနည်းများသည် နှုတ်ထွက်စကားတော်ကို သိရန်အထောက်အကူပြုသည် မှန်သော်လည်း နှုတ်ထွက်စကားတော်ကို သိခြင်းဖြင့် ဝိညာဉ်ရေးရာ ကြီးထွားလာမည်ဟု အာမခံခြင်း မပြုနိုင်ပါ။ ပုံနှိပ်ထားသော နှုတ်ထွက်စကားတော်သည် ဤနည်းလမ်းများ အားဖြင့် ကျွန်ုပ်တို့၏ အသိဥာဏ်သို့ ကူးပြောင်းလာသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ပြီးမြောက်စေရန် ယင်း နှုတ်ထွက်စကားတော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံး၌ ခံယူပြီး နေ့စဉ် အသက်တာကို ပြုပြင်ပြောင်းလဲခွင့်ပေးရမည်ဖြစ်သည်။ ဒါဝိဒ် (David) က “ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူချက်တို့သို့ လှည့်၍လိုက်ပါ၏” (ဆာ ၁၁၉း၅၉) ဟု ဆိုခဲ့သလို ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏ နှုတ်ထွက်စကားတော်ကို သိပြီးစဉ်းစား စေချင်သည်။ အသက်တာကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်သော ပြုပြင်မှုများကို လုပ်စေချင်သည်။
သက်သေခံတော် မူချက်တို့သို့ လှည့်၍လိုက်ခြင်း (တစ်နည်းအားဖြင့်) ဘုရားသခင်၏ စကားကို နားထောင်ခြင်းသည် ဝိညာဉ်ရေးရာ တိုးတက်မှုအတွက် အထူးလိုအပ်ပါသည်။ သင်၏ အသက်တာကို ဘုရားသခင်၏ နှုတ်ထွက်စကားတော် သွန်သင်ချက်များနှင့် နှိုင်းယှဉ်လျက် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို ခံယူသောအခါ သင်သည် ခရစ်တော်၌ ရင့်ကျက်လာပေမည်။ ဘုရားသခင်၏ အလိုတော်နှင့် နည်းလမ်းတော်များကိုလည်း အသိဥာဏ်အားဖြင့်သာမက အတွေ့အကြုံအားဖြင့် သိရှိလာမည် ဖြစ်သည်။