ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၈
နိဒါန်း
အမှုတော်မြတ်၌ ကြီးထွားခြင်း
အဘိုးမပေးဘဲရသကဲ့သို့ အခမယူဘဲ ပြန်ပေးကြလော့။ ဤအရာမှာ ခရစ်ယာန် တစ်ဦး၏ စစ်မှန်သော စိတ်ထားဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်မှ ခံစားရသော ကောင်းကြီးမင်္ဂလာများကို ပြန်လည်ဝေငှဖို့ ဘုရားသခင် အလိုတော်ရှိသည်။
သူတပါးကို ဝေငှနိုင်ခြင်းသည် ကျမ်းစာလေ့လာခြင်း၏ အကျိုးကျေးဇူးဖြစ်ပါသည်။ သင်ခံစားရသော ကောင်းကြီးမင်္ဂလာများကို သူတပါးအား ဝေငှပါက သင့် အသက်တာတွင် ပိုပြီးနှိုးဆော်စိန်ခေါ်မှု ခံရပါလိမ့်မည်။ လက်တွေ့ကျင့်သုံးရန် သင်ခန်းစာ အသစ်တစ်ခုကို ဘုရားသခင်က သင့်ကို သွန်သင်ပေးပြီးပါက အခြားလူများကို ချက်ခြင်းပြန်လည်ဝေငှပါ။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် သန်းရှင်းသောဝိညာဉ်တော်က အခြားခရစ်ယာန်အား ခွန်အားရစေပြီး မယုံကြည်သေးသူများလည်း ခရစ်တော်ကို လက်ခံလာအောင် နှိုးဆော်ပေမည်။
ပြန်ပြောသော စကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်မှပြောသော စကားသည်လည်း အလွန်လျောက်ပတ်၏။
သုတ္တံ ၁၅း၂၃
သင်သည် နှုတ်ထွက်စကားတော် လေ့လာခြင်းဖြင့် ခံစားရသော အကျိုးကျေးဇူးများကို ဝေငှလျက် “ခရစ်ယာန် အသက်ရှင်မှုကိုလေ့လာခြင်း Christian Living” စာအုပ်များကို စတင်လေ့လာရန် သူတပါးအား တိုက်တွန်းလို ပေလိမ့်မည်။ စာအုပ်အမှတ် ၁ “ခရစ်တော်၌ရှိသော အသက်တာသစ်” ကို တစ်ဦးဦးအား ကူညီနိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။ လေ့လာလိုသောသူအချို့ရှိပါက အတူတကွ လေ့လာနိုင်ပါသည်။ လူတစ်ဦးအား ဤစာအုပ်များနှင့် မိတ်ဆက်ရာတွင် သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် သင့်အအသက်တာတွင် မည်သို့ပြောင်းလဲပြီး အကျိုးသက်ရောက်ကြောင်း ရှင်းပြပါ။ သင်ခန်းစာ မေးခွန်း ၂ ခု (သို့) ၃ ခု ကို အတူတကွ ဖြေဆိုခြင်းဖြင့် စတင်ကူညီပါ။ သင်ခန်းစာတစ်ခုကို သူဖြေဆိုပြီးလျှင် သူနှင့်ပြန်တွေ့ပြီး သင်ခန်းစာတစ်ခုလုံးကို ပြန်ဆွေးနွေးပါ။
“အမှုတော်မြတ်၌ ကြီးထွားခြင်း” စာအုပ်ပြီးဆုံးလျှင် နည်းသစ်ဖြင့် စာအုပ်အမှတ် ၇ မှ ၉ ကို လေ့လာရပါမည်။ ဤသင်ခန်းစာများမှ ကျမ်းစာအခန်းကြီး တခန်းကို တပိုဒ်ချင်း လေ့လာရပါမည်။ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပြီး သွန်သင်ချက်များကို သင့်အသက်တာတွင် လက်တွေ့ကျင့်သုံးနိုင်ရန် စီစဉ်ထားပါသည်။ (သက်သာလောနိတ်သြဝါဒစာ ပဌမစောင်၊ ရှင်ယောဟန်သြဝါဒစာ ပဌမစောင်နှင့် ဖိလိပ္ပိသြဝါဒစာစောင် တို့ကို ဆက်လက်လေ့လာ ရပါလိမ့်မည်။ ကိုယ်တိုင်လေ့လာရှာဖွေ တွေ့ရှိသမျှတို့ကို မိမိအသက်တာတွင် လက်တွေ့ကျင့်သုံးဘို့ဖြစ်သည်။ စာအုပ်အမှတ် ၇ မှ ၉ အထိ ပြီးဆုံးသောအခါ နောက်ဆုံးစာအုပ်အမှတ် ၁၀ မှာ ကျမ်းစာကို မည်သို့ ကိုယ်တိုင်လေ့လာ ရှာဖွေရမည်ကို သွန်သင်ပါမည်။ ဤ “အမှုတော်မြတ်၌ ကြီးထွားခြင်း” စာအုပ်တွင် –
- သူတပါးအား ခရစ်တော်ကို သိနိုင်ရန်ကူညီခြင်း
- ပြုစုပျိုးထောင်ခြင်း
- ဆုတောင်းခြင်း တန်ခိုး
- ကျမ်းစာတော်နှင့်အညီ ပေးကမ်းခြင်း
- အမှုတော်ဆောင်ရန် ကမ္ဘာလုံးဆိုင်ရာ ရူပါရုံ ( Vision) ရခြင်း အကြောင်းများနှင့်ပတ်သက်၍ ကျမ်းစာ၌ မည်ကဲ့သို့ ဖော်ပြထားသည်ကို လေ့လာရပါလိမ့်မည်။