ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၂)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
အခန်းကြီး (၁)
ဤအခန်းကဘာကိုပြောသနည်း
ကျမ်းပိုဒ်တစ်ပိုဒ်၏ အနက်အဓိပ္ပါယ်ကို မဆုံးဖြတ်မီ ယင်းကျမ်းပိုဒ်က ဘာဆိုလိုသည်ကို သိရှိနားလည်ရန်လိုသည်။ ဤကဲ့သို့ နားလည်ရန် နည်းလမ်းတရပ်မှာ ယင်းကျမ်းပိုဒ်ကို စကားပြေရေးခြင်း (ကိုယ့်စကားဖြင့် ပြန်လည်ရေးသားခြင်း) ဖြစ်သည်။ စကားပြေရေးရာတွင် စာပိုဒ်၏အဓိပ္ပါယ် မပြောင်းသွားရန် အထူးသတိပြုပါ။
ဥပမာ ရှင်ယောဟန်ခရစ်ဝင် ၃း၁၆ – ဘုရားသခင်သည် လောကီသားများကို မည်မျှချစ်သနည်းဆိုသော် သူ၏တပါးတည်းသော သားတော်ကို စေလွှတ်ပြီး အသေခံစေသည်အထိဖြစ်၏။ မည်သူမဆို သားတော်ကို ကယ်တင်ရှင် (Savior) အနေဖြင့် ယုံကြည်လျှင် ဘုရားသခင်နှင့် ထာဝရခွဲခွာရခြင်းဘေးမှ လွတ်မြောက်ပြီး ထာဝရအသက် (Eternal life) ကိုရမည်။
အောက်ပါ သက်သာလောနိတ်သြဝါဒစာ ပထမစောင် ၁း၁-၅ ၏ စကားပြေများကို သင့်ကျမ်းစာနှင့် နှိုင်းယှဉ်ကြည့်ပါ။
သက်သာလောနိတ်သြဝါဒစာ ပထမစောင် ၁း၁
ငါ ပေါလု (Paul)၊ သိလွှာနု (Silas) နှင့် တိမောသေ (Timothy) သည် သက်သာလောနိတ်မြို့ (Thessalonica) ရှိ ယုံကြည်သူ သင်တို့ထံသို့ စာရေးလိုက်ပါ၏။ ဝိညာဉ်ရေးရာဘက်တွင် သင်တို့သည် ဘုရားသခင်၌လည်းကောင်း သားတော်သခင် ယေရှု၌လည်းကောင်း တည်သောသူများ ဖြစ်ကြ၏။ သခင်ယေရှုနှင့် ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်တို့ခံစားရပါစေဟု ငါတို့ဆုတောင်းပါ၏။
သက်သာလောနိတ်သြဝါဒစာ ပထမစောင် ၁း၂-၎
သင်တို့သည် ဘုရားသခင် ရှေ့မှောက်၌ အသက်ရှင်ရာတွင် ယုံကြည်ခြင်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ကြိုးစားအမှုဆောင်ခြင်း၊ ခရစ်တော်ပြန် ကြွလာခြင်းကို မျှော်လင့်လျက် သည်းခံတည်ကြည်ခြင်းတို့ကို ငါတို့ အစဉ်မပြတ် သတိရနေကြပါ၏။ ချစ်လှစွာသော ယုံကြည်သူ ညီအစ်ကိုတို့ သင်တို့ကို ဘုရားသခင် ရွေးကောက်တော် မူသည်ကို ငါတို့သေချာစွာ သိကြ၏။ သင်တို့ အားလုံးကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းလျက် သင်တို့အတွက်ဆုတောင်း ပေးနေပါ၏။