ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၆)
ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်
ကျမ်းပြိုင်များ
ကျမ်းစာကို အကောင်းဆုံး အနက်အဓိပ္ပါယ် ဖွင့်ဆိုပြသည့် စာအုပ်မှာ ကျမ်းစာပင် ဖြစ်သည်။ သင်လေ့လာသော အခန်းတခုစီရှိ ကျမ်းပိုဒ်များနှင့် တခြားတနေရာမှ ကျမ်းပိုဒ်များကို ရှာဖွေနှိုင်းယှဉ် ရခြင်းသည် အလွန် အကျိုးရှိပါသည်။ ကျမ်းပြိုင် ရှာဖွေလေ့လာပါက ကျမ်းပိုဒ်တပိုဒ်၏ အနက်အဓိပ္ပါယ်ကို အခြားကျမ်းပိုဒ်အားဖြင့် ပိုမိုပေါ်လွင် ထင်ရှားစေပါသည်။
သင်လေ့လာသည့် အခန်းမှ အရေးကြီးသော ကျမ်းပိုဒ်များအတွက် ကျမ်းပြိုင်များကို ရှာဖွေရာတွင် ယင်းကျမ်းပိုဒ်များနှင့် အမှန်တရားချင်း (သို့) ယူဆချင်း တူညီသော ကျမ်းပိုဒ်များကို ရွေးချယ်ပါ။ ဦးစွာ သင်ကျက်မှတ်ထားသော ကျမ်းပိုဒ်များမှ ရွေးချယ်ပါ။ ထို့နောက် သမ္မာကျမ်းအညွှန်းပြစာအုပ် (Concordance) (သို့) ကျမ်းပြိုင်ပါရှိသော ကျမ်းစာအုပ်များကို အသုံးပြုပါ။ “အဓိကအချက်” ခေါင်းစဉ်အောက်တွင် သင်လေ့လာနေသော အခန်းမှ ကျမ်းပိုဒ်နှင့် တူညီဆက်စပ်နေသည့် အချက်များကို ရေးပါ။
ပြဿနာမေးခွန်းများ
ကျမ်းစာကို လေ့လာရင်းနှင့် မေးရန်ပြဿနာများ ပေါ်ပေါက်တတ်သည်။ ပြဿနာများကို တိုတိုနှင့် ရှင်းရှင်း ဖော်ပြပါ။ အခန်းငယ် ၄ ကို နားမလည်ပါဟု မရေးဘဲ သင်သိလိုသော စကားလုံး (သို့) သင်သိလိုသည့် အချက်ကို တိကျစွာ ဖော်ပြပါ။
သင်ခန်းစာကို လေ့လာပြီးသောအခါ သမ္မာကျမ်းအညွှန်းပြစာအုပ် (Concordance) သို့မဟုတ် အနက်ဖွင့်ကျမ်း (Commentary) သို့မဟုတ် အခြားကိုးကားသော စာအုပ်များကို အသုံးပြုလျှက် ပြဿနာများ၏ အဖြေများကို သင်ရှာဖွေလိုမည် ဖြစ်သည်။ အဖြေရှာနည်းကို စာအုပ်အမှတ် ၉ တွင် အကြံပြုထားသည်။