❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ . . . Next ❯
နှစ်ခြင်းအသင်းတော်များ၏
အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု
နှစ်ခြင်းသမိုင်း အကျဉ်းချုပ်
နှစ်ခြင်း အသင်းတော်များ၏ သမိုင်းကို တမန်တော် များ၏ခေတ် (Apostolic age) အချိန်အခါမှ စတင်ခဲ့သည်ဟု ပြောဆိုနိုင်ပါသည်။ သို့သော် ဤကဲ့သို့ ပြောဆိုခြင်းသည် အလွန် ယေဘုယျ ဆန်လွန်းပါသည်။ အကြောင်းမှာ ခရစ်ယာန် ဂိုဏ်းဂဏ တိုင်းသည်လည်း ဤကဲ့သို့ သမိုင်းကြောင်းကို ဖွင့်ဆိုနိုင်ပါသည်။
နှစ်ခြင်းသမိုင်းကို ပြန်လည်လေ့လာ သောအခါ နှစ်ခြင်းများသည် (၁၆) ရာစု၌ အသင်းတော် ပြန်လည်ပြုပြင်ခြင်း (Protestant Reformation) အချိန်အခါမှ စတင်ပေါ်ပေါက် လာပါသည်။ နှစ်ခြင်းများသည် ယုံကြည်သူ၏ နှစ်ခြင်းမင်္ဂလာ (Believer’s baptism) ကိုခံယူပြီး ယုံကြည်သူများ၏ မိဿဟာယ အဖွဲ့သည် အသင်းတော် ဖြစ်ကြောင်း ယုံကြည် ကြပါသည်။ (Fellowship of baptized believers) ထို့အပြင် ခရစ်တော်သာလျှင် အသင်းတော်၏ အရှင်သခင် ဖြစ်ပြီး သမ္မာကျမ်းစာသာလျှင် ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုတွင် အဓိက အခွင့်အာဏာ ရှိကြောင်းကို ယုံကြည်ကြပါသည်။ (The Bible is the final source of authority) ဘာသာတရား၏ လွတ်လပ်မှုကို လိုလားတောင့်တ သောကြောင့် အသင်းတော်နှင့် အစိုးရသည် သီးခြားရပ်တည် ဖွဲ့စည်းရမည့် အကြောင်းကိုလည်း ယုံကြည်ကျင့်သုံး လာကြပါသည်။ (Separation of Church and State)
အဖွဲ့အစည်း အနေဖြင့် နှစ်ခြင်းအသင်းတော်ကို အင်္ဂလန်နိုင်ငံ၌ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ အင်္ဂလီကန် အသင်းတော်တွင် ရှင်ဘုရင်များ၏ ဖိနှိပ် နှိပ်ကွပ်မှုကြောင့် ပြုပြင်ပြောင်းလဲ မှုကို ဖြစ်စေသော လူအုပ်စု နှစ်ဖွဲ့ ပေါ်ပေါက် လာပါသည်။ ပျိုရတန် (Puritan) အဖွဲ့စည်း အင်္ဂလီကန် အသင်းတော် အတွင်းတွင် ရှိပြီး ပြုပြင်ပြောင်းလဲ မှုကို လုပ်ဆောင်ကြပါသည်။ ခွဲထွက်သူများ (Separatists) တို့သည် အင်္ဂလီကန် အသင်းတော်မှ ထွက်၍ နှစ်ခြင်းအသင်းတော်ကို တည်ထောင်ကြပါသည်။ ဆရာကြီး ဂျွန်စမစ် (John Smith) သည် ကင်းဗရစ် (Cambridge)တက္ကသိုလ်မှ ဆရာတစ်ဦး ဖြစ်ပြီး၊ ၁၆၀၈ ခုနှစ်တွင် Holland (ဟိုလန်) နိုင်ငံ Amsterdam (အမ်စတာဒမ်) မြို့ သို့ရောက်ရှိလာပြီး၊ နှစ်ခြင်း အသင်းတော်ကို စတင်တည်ထောင် ခဲ့သည်။ ဆရာကြီး Thomas Helwys (သောမတ်ဟယ်လ်ဝေစ်)သည် ၁၆၁၂ ခုနှစ်တွင် ဟိုလန်နိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ပြန်သွားပြီး၊ လန်ဒန် (London)၌ နှစ်ခြင်းအသင်းတော်ကို ခက်ခဲစွာ တည်ထောင်ခဲ့သည်။ သူ၏ ယုံကြည်ခြင်းတွင် ရဲရင့်မှုကြောင့် ထောင်ထဲတွင် သေဆုံးခဲ့သည်။ ပထမဦးဆုံးသော နှစ်ခြင်းမာတုရ ဖြစ်ပါသည်။
❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ . . . Next ❯