❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯
ပထမပိုင်း
အခန်း (၁) အသင်းတော်
၁။ အနက်အဓိပ္ပါယ်
ဂ။ သင်းတော် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း (Church Unity)
ယနေ့ခရစ်ယာန်များ၏ လောကတွင် ပြောဆို အသုံးပြု နေသော ဝေါဟာရ “အီကယူမေနီကယ်” (Ecumenical) သည် ဓမ္မသစ်ကျမ်းတွင် ကမ္ဘာလောက အတွက် သုံးထားသော ဂရိ (Greek) ဘာသာစကားမှ ဆင်းသက်လာပါသည်။ လူသားတို့ မှီတင်း နေထိုင်သော ကမ္ဘာမြေကြီး အဓိပ္ပါယ်ရှိသော “အွိုင်ကူမေနီ” (Oikoumene) မှ လာပါသည်။ ကမ္ဘာလောက လူသားများဟု အဓိပ္ပါယ် ရှိပါသည်။ ထိုအတွက် သုံးထားသော ဝေါဟာရ ဖြစ်ပါသည်။ ဤဝေါဟာရကို ယနေ့ ခရစ်ယာန်များသည် အသင်းတော် တစ်လုံး တစ်ဝတည်း ဖြစ်ရေးနှင့် အလုံးစုံသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအတွက် သုံးလျက် ရှိပါသည်။
ခရစ်ယာန် တစ်လုံးတစ်ဝတည်း ဖြစ်ရေး ကိုသာမက ဖန်ဆင်းထားသော အရာအလုံးစုံသည် ဖန်ဆင်းရှင်၏ ရှေ့တော်၌ ဖွင့်ဟ ပေါင်းစည်းခြင်း ကိုပါ ရှေ့ရှုသည်။ ခရစ်တော်၏ ဝမ်းမြောက်ဖွယ် သတင်း ဟောပြော ကြေညာ ခြင်းသည် ခပ်သိမ်းသော အရာတို့အား ခရစ်တော်၌ ပေါင်းစည်းလျက် ပြည့်စုံစေခြင်းကို ဖြစ်စေသည်။ အသင်းတော် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းသည် စည်းလုံးညီညွှတ်ခြင်း လုပ်ငန်း၏ အောင်မြင်ရေးသို့ ဦးတည်ရာ၌ လည်းကောင်း၊ အချက်အချာ ကျသော ဝမ်းမြောက်ဖွယ် သတင်း ဟောကြား ကြေညာရာ၌ လည်းကောင်း ထိရောက် စေပါသည်။
ခရစ်ယာန် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း လှုပ်ရှားမှုကြီး (Ecumenical movement) ကို ဘုရားသခင်မှ အစပြု၍ ဘုရားသခင်၌ ပြီးဆုံးပါသည်။ လူနှင့် ဘုရားသခင် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းကို အာဒံက ချိုးဖောက်ဖျက်ဆီး လိုက်ပြီး လူသစ် တည်းဟူသော ခရစ်တော်၌ ပြန်လည်ရရှိ ပါသည်။ (၁ ကော ၁၅း၂၂) ဤအသစ်သော ဖန်ဆင်းခြင်းဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းကို ယုံကြည်သူတို့ အသင်းတော်တွင် ပါဝင် လှုပ်ရှား ခြင်းဖြင့် ဖော်ပြပါသည်။ ပွဲတော်မင်္ဂလာ စီရင်ခြင်းဖြင့် ဘုရားသခင်၌ သော်လည်းကောင်း၊ အချင်းချင်း သော်လည်းကောင်း တစ်လုံးတစ်ဝတည်း ဖြစ်သည်ကို ပြသပါသည်။ သုံးပါးတစ်ဆူ ဘုရားသခင်သည် ပုဂ္ဂိုလ်ချင်း သီးခြား ဖြစ်ကြသော်လည်း အချင်းချင်း ပဋိပက္ခ ဖြစ်သကဲ့သို့ ခရစ်ယာန်တို့ အနေဖြင့် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း သည်လည်း တစ်ဦးချင်း ကွဲပြားခြားနား ခြင်းနှင့် တစ်စုတစ်စည်း၊ တစ်လုံးတစ်ဝတည်း ဖြစ်သည်ကို ပျက်စီးစေသည် မဟုတ်ပါ။ လူသားတို့၏ ကွဲပြားခြားနား ခြင်းသည်ပင်လျှင် တစ်လုံးတစ်ဝတည်း ဖြစ်ရေးကို အခြေအနေ ဖန်တီးပေးခြင်း ဖြစ်၏။ ထိုနည်းတူ ဆုကျေးဇူး အသီးသီးရရှိသော သူများတို့သည် တစ်လုံးတစ်ဝ တည်းသော အသင်းတော်ကို ဖြစ်စေသည်။ (၁ ကော ၁၂း၎-၃၀) အသင်းတော် အတွင်း ကွဲပြားခြင်း၊ လူသားအချင်းချင်း ခွဲခြား ခြင်းသည် အပြစ်၏ ရလဒ်ဖြစ်၍ ခရစ်တော်သည် ဖန်ဆင်းထားသော အရာအားလုံး၏ အရှင်သခင် ဖြစ်ကြောင်းကို ငြင်းဆန်သောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯