❮ Prev . . . ၁ ၂ အခန်း ၃ ၄ ၅ Next ❯
ပထမပိုင်း
အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ
၆။ ခရစ်တော်၌ရရှိသော ကယ်တင်ခြင်း Salvation in Christ
ဂ။ အသစ်ပြုပြင်ခြင်း တရား Regeneration
နောင်တရခြင်း တရားကြောင့် ဖြောင့်မတ်ခြင်းသို့ဝင်ရောက်သော သူတိုင်းကို ဘုရားရှင်သည် အသစ်ပြုပြင်ကာ မိမိ၏ ဟောင်းနွမ်းနေသော ဘဝမှ အသစ်သော အသက်တာသို့ ပို့ဆောင်ပါသည်။ (၂ ကော ၅း၁၇) အပြစ်သား တစ်ယောက်သည် ဘုရားရှင်၏ အသစ်ပြုပြင်ခြင်း ခံရသောအခါ မိမိ၏ ဘဝ တစ်ခုလုံး ပြောင်းလဲမည် ဖြစ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူ၏ စိတ်နှလုံးတွင် ကိန်းဝပ်လျက် ထိုသူ၏ အသက်တာကို အသစ်ပြုပြင်မည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုသော် လူသားများ၏ နောင်တရခြင်း အပေါ်မူတည်လျက် ဘုရားရှင်သည် ထိုနောင်တ ရသောသူအား ဖြောင့်မတ်သော သူဟူ၍ မှတ်ယူ ပြီးလျှင် ၎င်းဖြောင့်မတ်သော သူ၏ အသက်တာ၌ အမှုတော် စတင်ဆောင်ရွက်ခြင်းကို အသစ်ပြုပြင်ခြင်း တရား (Regeneration) ဟု ခေါ်ဆိုပါသည်။ လူသားများ ကယ်တင်ခြင်း ရရှိခြင်းတွင် ဘုရားရှင် ဆောင်ရွက်သော အခန်းကဏ္ဍ ပင်ဖြစ်ပါသည်။
ဃ။ သန့်ရှင်းစေခြင်း တရား Sanctification
အသစ်ပြုခြင်း တရားမှာ နောင်တရသော သူ၏ အသက်တာ၌ ဘုရားရှင်သည် စတင်၍ အမှုတော်ဆောင်ခြင်း ဖြစ်ပါသည်။ ဤဘုရားရှင်၏ အမှုတော် ဆောင်ခြင်းသည် ယုံကြည်သူ၏ အသက်တာတွင် ဆက်လက်တည်ရှိ နေပါသည်။ စုံစမ်း နှောက်ယှက်ခြင်းများ သွေးဆောင်မှု များကြောင့် လူသားများ တို့သည် ရံဖန်ရံခါ စိတ်ပျက်အားငယ်ခြင်း၊ တုန်လှုပ်ခြင်း ရှိတတ်ရာ၊ ဤကဲ့သို့သာ အချိန်မျိုးတွင် စိတ်နှလုံး၌ ကိန်းဝပ်တော် မူသော ဝိညာဉ်တော် ဘုရားသည် ပြုပြင်သန့်စင် စေပါသည်။ ထိုထက်မက ယုံကြည်သူ၏ အသက်တာသည် နေ့စဉ်နှင့်အမျှ တိုးတက် ကြီးထွားကာ ရင့်ကျက်စေဖို့ရန် ဝိညာဉ်တော်သည် ဆက်လက်၍ ပြုပြင်သန့်ရှင်း စေခဲ့ပါသည်။ (ရော ၈း၂၇-၂၉) လူသားများသည် ကယ်တင်ခြင်း တရားတွင် ကြီးထွားရင့်ကျက်သော ခရစ်ယာန် အသက်တာသို့ ရောက်ရှိ နိုင်ရန်အတွက် ဘုရားရှင် ပြုပြင် စောင်မတော်မူသည်။