❮ မာတိကာ နိဒါန်း အခန်းကြီး ၁ ၂ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
နိဒါန်း Introduction
‘အစပြုခြင်း၊ စတင်ခြင်း၊ ဖွင့်လှစ်ခြင်း’ စသော စကားလုံးများသည် သစ်လွင်သောသဘော၊ အကောင်းဘက်ကို ရှုမြင်သောသဘော ပါရှိပါသည်။ ထိုစကားလုံးများကို နေ့ရက်သစ်၊ ကလေးမွေးခြင်း၊ အစပြုတီးမှုတ်ခြင်း၊ မိသားစု အလည်ခရီး စထွက်ချိန်တို့၌ အသုံးပြုလေ့ ရှိကြသည်။ ထိုစကားလုံးများသည် ပြဿနာကင်းသော၊ ကတိများနှင့် ပြည့်ဝသော၊ မျှော်လင့်ခြင်းကို အစပြုသော၊ အနာဂတ်ကာလကို ကြိုတင်ရှုမြင်သော သဘော ပါရှိသည်။ ကမ္ဘာဦးဟူသော အဓိပ္ပါယ်မှာ ‘အစပြုခြင်း’ (သို့) ‘အရင်းအမြစ်’ ဟု အဓိပ္ပါယ်ရသည်။ ဤကျမ်း၌ ကမ္ဘာကြီး အစပြုခြင်း၊ လူ့သမိုင်းကြောင်း၊ မိသားစုနှင့် လူ့ဘောင် အဖွဲ့အစည်း၊ ကယ်တင်ခြင်း အကြောင်းတို့ကို ဖွင့်ပြထားသည်။ ဖန်ဆင်းထားသော အရာများအပေါ်၌ ဘုရားသခင်၏ ရည်မှန်းချက်၊ အစီအမံများရှိသည်။ ဤကျမ်း၏ အစသည် ကျမ်းစာ တစ်အုပ်လုံးအား နိဒါန်းပြုထားသည်။ ဤကျမ်း၌ ဘုရားသခင်၏ တစ်ဆူတည်း ဖြစ်ခြင်းနှင့် ဘုရား သဘောသဘာဝ (ဖန်ဆင်းရှင်၊ တည်စေသော အရှင်၊ တရားသူကြီး၊ ကယ်တင်ရှင်) လူသားတို့၏ တန်ဖိုးနှင့်ကြီးမြတ်မှု (ဘုရားသခင်၏ သဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရခြင်း၊ မေတ္တာတော်အားဖြင့် ကယ်တင်ခံရခြင်း၊ ကမ္ဘာ၌ ဘုရားသခင်၏ အသုံးပြုမှုကို ခံရခြင်း)၊ ဆိုးသွမ်းမှုနှင့် အပြစ်တရား၏ အကျိုးဆက်များ (ကျဆုံးခြင်း၊ ဘုရားသခင်နှင့် ဝေးကွာခြင်း၊ စီရင်ခံရခြင်း၊) ကတိတော်နှင့် ကယ်တင်ခြင်း စိတ်ချမှု (ပဋိညာဉ်၊ ခွင့်လွှတ်ခြင်း၊ မေရှိယ (Messiah) အား စေလွှတ်မည့် ကတိတော်) တို့ကို ဖေါ်ပြထားပါသည်။