« Prev အမှာစာ ၁ အခန်းကြီး ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၂
၂း၁-၂ ရှင်ပေါလုနှင့် လုပ်ဘော်ဆောင်ဘက် များသည် ဘက်သာလောနိတ်သို့ ခရီးပြုခဲ့ကြခြင်း၊ ယေရှုခရစ်တော်၏ ဧဝံဂေလိ သတင်းကောင်း ပြောကြားခဲ့ခြင်း၌ အကျိုးမနည်းကြောင်း တွေ့ရသည်။ ထိုခရီးစဉ်ကို မပြုမီ ဖိလိပိမြို့ (Philistines) ၌ ကြိမ်လုံးနှင့် ရိုက်နက်ခြင်း၊ ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရကြ၏ (တမန်တော် ၁၆း၂၂-၂၄)။ ထိုသို့ ဒုက္ခနှင့် ရင်ဆိုင်ခဲ့ ကြသော်လည်း ယေရှုခရစ်တော်၏ ကယ်တင်ခြင်း ဧဝံဂေလိတရားဟောခြင်းကို အဟန့်အတား မဖြစ်စေခဲ့ပါ။ လူအပေါင်းတို့ကို သေခြင်း တည်းဟူသော အပြစ်ငရဲမှ တဘက်သတ်မေတ္တာနှင့် ကောင်းကင်ဘုံ၌ ထာဝရအသက်ရရန် ကယ်သည့် သတင်းကောင်းသည် လူတိုင်းအတွက် အရေးကြီးသောကြောင့် ထိုသတင်းကောင်းကို ဆက်ဟောရန် ဘုရားသခင် ကိုယ်တော်တိုင်ပင် ပေါလုတို့အား ဝိညာဉ်ခွန်အားဆက် ပေးလျက်ရှိ၏။
ယနေ့ထက်တိုင် ကမ္ဘာတဝှမ်းတွင် ခရစ်တော်၏ မေတ္တာနှင့် ကယ်တင်ခြင်း ဧဝံဂေလိ သတင်းကောင်းကို ဟောပြောကြသော သူများကို ညှဉ်းပမ်းနှိပ်စက် ထောင်သွင်း အကျဉ်းချဆဲရှိ၏။ သို့သော် လောကသားတို့၏ ဝိညာဉ် ထာဝရ ကယ်တင်ခြင်းရရန် ဘုရားသခင်ဘက်မှ အရေးကြီးနေရကား ခရစ်တော်သည် ညှဉ်းဆဲခံရသောသူ၏ သားတော် သမီးတော်များကို ခွန်အားပေးလျက်၊ သစ္စာရှိစွာနှင့် အမှုဆောင်နေဆဲရှိ၏။
ယေရှုခရစ်တော်၏ သားတော် သမီးတော်များအား ညှဉ်းပမ်းနှိပ်စက်သော အမှုကို လောကီတရားရုံးများက စစ်ဆေးရန် ပျက်ကွက်ကောင်း ပျက်ကွက်ပေလိမ့်မည်။ သို့သော် ထိုအမှုများ အားလုံးကို စစ်မည့် ယေရှုခရစ်တော်၏ တရားရုံးသည် အဆင်သင့်ရှိကြောင်း သမ္မာကျမ်းစာမှ ဤသို့ဖော်ပြထားပါသည်။
‘သေလွန်သော လူတို့သည် မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက် များတို့နှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရာစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယ သေခြင်းဖြစ်သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကို မီးအိုင်ထဲသို့ ချပစ်လေ၏။’ (ဗျာဒိတ် ၂၀း၁၂-၁၅)