« Prev အမှာစာ ၁ အခန်းကြီး ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၂
၂း၅-၈ ထို့ကြောင့် သက်သလောနိတ်မြို့တွင် ရှင်ပါလုတို့ ခရစ်တော်အကြောင်း ဟောပြောစဉ်အခါက ချော့မော့မြူဆွယ်သော စကားလုံးများကို မသုံးခဲ့ လောဘစိတ်ကို ကွယ်ဝှက်ထား၍လည်း မဟောခဲ့ကြပါ။ လူအများ၏ ချီးမွမ်းခြင်းကို ခံယူရန်လည်း မကြိုးစားခဲ့ပါ။ မေတ္တာစေတနာနှင့် ဖြည်းညှင်းစွာ သွန်သင်မှုကို ပြုခဲ့၏။ နို့ထိန်းသည် မိမိထိန်းသော နို့စို့သူငယ်ကို ပြုစုယုယ ပိုက်ထွေးသကဲ့သို့ သက်သာလောနိတ်မြို့ တွင်ရှိသော လူသားများ၏ ဝိညာဉ်ကို နှမြောစုံမက်သော စိတ်နှင့် မိမိတို့၏ အသက်ကို ပေးလိုသော စိတ်နှင့်ပင် ရှင်ပေါလုတို့ ဧဝံဂေလိတရား ဟောကြားခဲ့ကြ၏။
၂း၉-၁၂ ရှင်ပေါလုသည် သက်သာလောနိတ်မြို့၌ ယေရှုခရစ်တော်၏ အမူတော်မြတ်ကို ဆောင်ရွက်စဉ် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အနှောက်အယှက် မဖြစ်စေခဲ့ပါ။ မိမိ၏ စားဝတ်နေရေး ပြေလည်ရန် တဲရှင်ချုပ်သည့် အလုပ်ကိုလည်း တဘက်ကဆောင်ရွက်၏။ ဥပုသ်နေ့၌ မပြတ်မလတ် တရားစရပ်၌ တရားဆွေးနွေးဟောပြော၏ (တမန်တော် ၁၈း၃)။ အခြားသော နေ့များတွင်လည်း အခွင့်အရေး ရရှိသည့်အလျောက် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောခဲ့ကြောင်း သက်သာလောနိတ် အသင်းသားများ မှတ်မိရန် ပြန်လည်ဘော်ပြ၏။
အဘသည် သားတို့ကို ပြုစုသည်နည်းတူ၊ ရှင်ပေါလုတို့၏ ပြုစုမှုကြောင့် လူအပေါင်းတို့သည် ကောင်းသောပုံသက်သေကို မြင်၍ ခရစ်တော်ကို ယုံကြည်လာကြသည်။ ကျွန်ုပ်တို့၏ အသက်တာသည်လည်း ပုံသက်သေကောင်းပြသော အသက်တာသာလျှင် ဖြစ်ရပေမည်။ မိမိ၏ကောင်းသော ပုံသက်သေကို လူအချို့တို့သည် မမြင်နိုင်လျှင် စိတ်ပျက်အားလျော့ခြင်း မရှိသင့်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးလည်း ရှိနိုင်ကြောင်း ယေရှုခရစ်တော်၏ မိန့်မှာသတိပေးချက်ကို နားလည် သဘောပေါက်ထားရန် လိုပါသည်။
ရှင်ယောဟန် ခရစ်ဝင် ၁၂း၄၀ တွင် ပရောဖက် ဟေရှာယ (Prophet Isaiah) ၏ ဟောထားချက်ကို ခရစ်တော် ဤသို့ ပြန်လည်ဖေါ်ပြခဲ့သည်။
‘တဖန် ပရောဖက်ဟေရှာယ ဟောပြန်သည်ကား သူတို့မျက်စိမမြင်၊ စိတ်နှလုံး နားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါ မငြိမ်းစေသည့် တိုင်အောင် သူတို့ မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကို မိုက်စေတော်မူ၏ ဟူသော စကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။’