« Prev အမှာစာ ၁ ၂ ၃ ၄ အခန်းကြီး ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၅
၅း၁-၁၁ ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်လာခြင်းနေ့ကို အခြေအနေ နှစ်မျိုးဖြင့် မြင်ကြည့်တတ်ရန် လို၏။ ခရစ်တော်ကို ယုံကြည်၍ သေလွန်ပြီးသောသူဖြစ်စေ၊ အသက်ရှင်လျက် ရှိသောသူဖြစ်စေ၊ ထိုနေ့သည် ချီဆောင်ခြင်း ခံရမည့်နေ့ ဖြစ်သောကြောင့်၊ ဝမ်းမြောက်ခြင်း အတိ ပြီးသောနေ့ဟု ဆိုနိုင်သကဲ့သို့၊ မယုံကြည်၊ မလေးစား၊ မခန့်ငြား၊ အသိအမှတ် မပြုနိုင်သော သူများအတွက် ထိုနေ့ကြီးသည် ကပ်ဆိုက်သော နေ့ပင်ဖြစ်မည်။ ကပ်ဆိုက်ကျမည့်နေ့နှင့် ပတ်သက်၍ ဗျာဒိတ်ကျမ်းပါ အချက်များကိုလည်း သမ္မာကျမ်းစာပါ မှတ်တမ်းအရ ဖေါ်ပြပြီးဖြစ်သည်။ ဆင်ခြင်ရန်တစ်ခုမှာ ဤကပ်ကာလ နေ့ရက် အတိအကျကိုကား မည်သူမျှမပြောနိုင်။ ယေရှုခရစ်တော်ကိုယ်တိုင် ခမည်းတော်မှတပါး မည်သူမျှ မသိနိုင်သည် ဖြစ်သောကြောင့် ရှေ့ပြေးအတိတ် နိမိတ်များကို သတိပြုကြည့်ရှုရန် မှာကြားတော်မူ ခဲ့သည်။ အသေးစိပ် လော့လာလိုပါက ရှင်မဿဲခရစ်ဝင်ကျမ်း (Matthew) အခန်းကြီး ၂၄-၂၅ ကို ဖတ်ရှုနိုင်ပါသည်။
သူခိုးလာမည့် အချိန်ကို အိမ်ရှင်သည် အတိအကျ မသိသော်လည်း သူခိုးလာနိုင်သည်ဟု ထင်၍ မိမိ အိမ်ကို လုံခြုံမှုရှိရန် အိမ်ရှင်များ သတိထားတတ် ကြသကဲ့သို့ ယေရှုခရစ်တော် အချိန်မရွေး လာနိုင်သည်ကို ကျွန်ုပ်တို့ သတိထား ရန်ပင်ဖြစ်သည်။ သက်သာလောနိတ် အသင်းသားများအား ရှင်ပေါလုလည်း အသင့်ဖြစ်ရန် တိုက်တွန်းခြင်းဖြစ်သည်။
ရှင်ပေါလုပေးသော အခြားဥပမာ တစ်ခုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် အတိအကျ မသိနိုင်သော အချိန်ကာလ တစ်ခုတွင် ရုတ်တရက် သားဘွားခြင်း ဝေဒနာကို ခံရပြီး သားဘွားသကဲ့သို့ ဖြစ်လိမ့်မည်။
ထို့ကြောင့် အလင်း၏ သားသမီးများ ဖြစ်ကြသော သက်သာလောနိတ် အသင်းသားများသည် ညအမှောင်၌ ရှိသောသူများ အိပ်ပျော်သကဲ့သို့ အမှုမဲ့အမှတ်မဲ့ မနေကြရန် သမ္မာသတိ ရှိကြရန် လိုအပ်ကြောင်း ရှင်ပေါလု သတိပေးခဲ့သည်။
ယနေ့ ကျွန်ုပ်တို့သည်လည်း အချင်းချင်း သတိပေးကြရန် လို၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ပျက်ရယ်ပြုခြင်း ခံရသည့် အချိန်လည်း ရှိကောင်းရှိနိုင်ပါသည်။ ထို့ကြောင့် သတိပေးသောအခါ သမ္မာသတိနှင့် ပေးရန် မေတ္တာနှင့်ပေးရန် ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းနှင့် ပေးရန်လိုပါသည်။
အကယ်စင်စစ် လူသားအားလုံးကို ဘုရားသခင်၏ အမျက်တော်နေ့၌ အမျက်တော်ကိုခံရန် ဘုရားသခင် အလိုတော်မရှိပါ။ ထို့ကြောင့် လူသားမြောက်မြားစွာ ဖြစ်နိုင်လျှင် လူသား တစ်ယောက်မကျန် ခရစ်တော်၏ ကယ်တင်ခြင်း မေတ္တာကို သဘောပေါက် နားလည်ပြီး၊ ခရစ်တော်နှင့်အတူ ကောင်းကင်ဘုံတွင် အတူ ဘုန်းဝင်စားရန်သာ အလိုတော်ရှိပါသည်။ ထိုလူသားများ အားလုံးအတွက် အချိန်ပေးနေရ၍ ယနေ့ထက်တိုင် ခရစ်တော် ဒုတိယအကြိမ် မကြွလာသေးခြင်း ဖြစ်ပါသည်။ မိမိသည် အပြစ်သားများအတွက် ကားတိုင်ပေါ်တွင် အသေခံပြီးသည်ဖြစ်၍ ထိုအသေခံခြင်း၌ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးမခံစားရသောသူ၊ အမျက်တော်ကို ခံရသော သူအဖြစ်သို့ ယေရှုခရစ်တော် မရောက်စေလိုတော့ပါ။ ထိုကြောင့် ထိုမေတ္တာနှင့် ထိုကယ်တင်ခြင်း အကြောင်းကိုသိသော သက်သာလောနိတ်မြို့ သားတို့သည် မည်သည့် အခက်အခဲမျိုးနှင့် မဆို ရင်ဆိုင်ရသော်လည်း စိတ်မပျက်ကြရန်နှင့် အချင်းချင်းကိုလည်း အားပေးကြရန် ရှင်ပေါလု မှာကြားခဲ့သည်။