« Prev အမှာစာ အခန်းကြီး ၁ ၂ ၃ Next »
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်
2 Thessalonians
အခန်းကြီး ၁
၁း၅-၁၀ ခရစ်တော်၌ သည်းခံခွင့်လွှတ်ခြင်း၏ အကျိုးရလဒ်ကို မသိသော သူများအတွက် သည်းခံလွန်းခြင်းသည် သူတပါး အထင်သေး အမြင်သေး ဖွယ်ရာဖြစ်၍ ပြန်လည်အစွမ်းပြလိုသော လူ့ဇာတိ၏ စိတ်နေစိတ်ထားများသည် တခါတရံလည်း ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့မဖြစ်ရန် ရှင်ပေါလု ထပ်မံ၍ ရှင်းပြပြန်သည်မှာ-
- သင်တို့ ယခုဘဝတွင် ဆင်းရဲခံရခြင်းသည် တမလွန်တွင် သင်တို့၏ ဝိညာဉ်သည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားရန်ဖြစ်ကြောင်း
- သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံမှ ဆင်းသက်လာသောအခါ ဘုရားသခင်ကို မသိသောသူ၊ သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သော သူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော် မူမည်ဖြစ်၍ သင်တို့ကို ညှဉ်းဆဲဘူးသော သူတို့ကို ဆင်းရဲစေခြင်း၏ ကြွေးကိုပြန်ဆပ်စေသော အချိန်သည် ရောက်လာမည်။ ဆင်းရဲခံဘူးသော သင်တို့မူကား ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရန် ဘုရားသခင် စီရင်တော် မူမည်ဖြစ်ကြောင်း ကြိုတင် သိရှိထားရန် ဖော်ပြ၏။
သခင်ယေရှုကို ယုံကြည်ကြသော သန့်ရှင်းသူမျာ၏ ဂုဏ်အသရေနှင့် ယေရှုခရစ်၏ ဂုဏ်အသရေ ထင်ရှားသောနေ့၊ ယုံကြည်သူများနှင့် သခင်ယေရှုတော်တို့ အံ့သြချီးမွမ်းခြင်း ခံရသောနေ့တွင် ခရစ်တော်ကို ယုံကြည်သူများအား၊ ဤလောကတွင် ညှဉ်းဆဲခဲ့သော သူများသည် ဘုရားသခင်၏ တန်ခိုးရှိသော ဘုန်းတော်နှင့် ထာဝရကင်းကွာ၍ ထာဝရ ပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို စီရင်ခံရသော နေ့ပင်ဖြစ်မည်။
သက်သာလောနိတ် သြဝါဒစာအားဖြင့် ယနေ့ ကမ္ဘာပေါ်တွင် ရှိကြသော ခရစ်ယာန်များသည် အချင်းချင်း တစ်ဦးကိုတစ်ဦး အသိပေးရမည်။ ခရစ်ယာန်များကို ညှဉ်းဆဲရန် ကြံစည်ပြင်ဆင်နေသော သူများကိုလည်း အလျဉ်းသင့်သည့်အခါ ကြိုတင်ပြောပြ သတိပေးနိုင်ရန် ကြိုးစားရမည်။ မိမိက သတိမပေးလျှင် ထိုသူများက မည်ကဲ့သို့ သိနိုင်မည်နည်း။ သတိမပေးမိသော မိမိချို့ယွင်းချက်ကြောင့် သခင်ဘုရား ရှေ့တော်မှောက်တွင် မိမိမျက်နှာပျက် ရမည်ဖြစ်သည်။ သတိပေးလျက်နှင့် လွန်ကျူးသူက အလေးမပြု၊ ဂရုမစိုက် ၎င်း၏ စိတ်တိုင်းကျ ညှဉ်းဆဲပါက၊ ဘုရားသခင် ရှေ့တော်မှောက်တွင် ၎င်း၏ ပြဿနာသည် ၎င်းနှင့်သာ သက်ဆိုင်ပေလိမ့်မည်။