❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၅
၅း၅-၆ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးစလုံးသည် ကယ်တင်ခြင်းနှင့် စပ်ဆိုင်သည်။ ခမည်းတော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်တော် မူသောကြောင့် သားတော်ကို စေလွှတ်တော် မူခြင်းအားဖြင့် ကျွန်ုပ်တို့နှင့် ခမည်းတော် အကြား၌ ရှိသော ကွာဟချက်ကို ကျော်ဖြတ်နိုင်ရန်အတွက် တံတားဖြစ်သည် (ယော ၃း၁၆)။ ခမည်းတော်နှင့် သားတော်သည် သန့်ရှင်းသော ဝိညာဉ်တော်အား စေလွှတ်သည်။ ကျွန်ုပ်တို့အတွင်းတွင် ထိုဝိညာဉ်တော်နှင့် ပြည့်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့သည် မေတ္တာနှင့် လည်းကောင်း၊ သူ၏ တန်ခိုးတော်နှင့် လည်းကောင်း အသက်ရှင်နိုင်သည် (တမန် ၁း၈)။ ထိုမျှကြီးမားသော မေတ္တာတော်နှင့် စောင်မခြင်းကို ထောက်ရှုသောအခါတွင် ကျွန်ုပ်တို့သည် ဘုရားရှင်ထံတော်၌ အစေခံရန် မှတပါး အခြားလုပ်ဆောင်ဖွယ်မရှိပါ။
၅း၆ ကျွန်ုပ်တို့သည် အားနည်းသောသူများ၊ အကူအညီ လိုအပ်လျက်ရှိသော သူများဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကယ်တင်ရန် အတွက် မည်သို့မျှ မလုပ်ဆောင်နိုင်သောကြောင့် တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့အား လာရောက်ကယ်တင်ရန် လိုအပ်သည်။ ခရစ်တော်သည် သမိုင်းကြောင်းတွင် အကောင်းဆုံးသောအချိန်၊ အမှန်ကန်ဆုံးသောအချိန်၊ (ဘုရားရှင်မှ စီမံထားသော အချိန်) ၌ ဤလောကသို့ ကြွလာခဲ့သည်။ ဘုရားရှင်သည် သမိုင်းရာဇဝင်ကို အစိုးရသောဘုရား၊ အချိန်နာရီ၊ နည်းစနစ်၊ ယေရှု သေဆုံးခြင်း၏ အကျိုးဆက်ကို ထိန်းချုပ်ထားသော ဘုရားဖြစ်သည်။
၅း၈ ‘ငါတို့သည် အပြစ်၌ ရှိစဉ်ပင်’ ယင်းသည် အံ့သြဖွယ် စကားစုဖြစ်သည်။ ဘုရားရှင်သည် ခရစ်တော်ယေရှုကို ကျွန်ုပ်တို့အတွက် အသေခံရန် စေလွှတ်ရခြင်းမှာ ကျွန်ုပ်တို့သည် ကောင်းသော သူများ ဖြစ်သောကြောင့် မဟုတ်ဘဲ ကျွန်ုပ်တို့အား ချစ်တော်မူသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ သံသယဖြစ်ပေါ်လာလျှင် သင်သတိရ ရမည်မှာ သင်သည် ဘုရားရှင်ထံသို့ ပြန်မလှည့်မီ အချိန်မှစ၍ ဘုရားရှင်သည် သင့်ကိုချစ်သည်။ ဘုရားရှင်ကို သင်ကသူ့အား ပုန်ကန်သော အချိန်၌ပင် သင့်ကို ချစ်တော်မူသောကြောင့် ယခုအချိန်၌ သင့်ကို ခွန်အားပေးလျက်ရှိသည်။ သင်ပြုလုပ်ရမည့် အရာမှာ သူ၏ မေတ္တာကို တုန့်ပြန်သည့်အနေဖြင့် သူ့အား ပြန်လည်၍ ချစ်ရန်ဖြစ်သည်။
၅း၉-၁၀ ခရစ်တော်အား အသေခံ စေသော မေတ္တာတော်နှင့် ကျွန်ုပ်တို့အတွင်း၌ တည်ရှိပြီး ကျွန်ုပ်တို့အားနေ့စဉ် လမ်းပြနိုင်စေရန် အတွက် သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်သော မေတ္တာတော်သည် အတူတူပင် ဖြစ်သည်။ ခရစ်တော်အား သေခြင်းမှ ရှင်ပြန် ထမြောက်စေသော တန်ခိုးတော်နှင့် ကျွန်ုပ်တို့အား ကယ်တင်သော၊ ကျွန်ုပ်တို့ နေ့စဉ် အသက်ရှင်ရန် အတွက် ပေးထားသော တန်ခိုးတော်သည် အတူတူပင်ဖြစ်သည်။ ခရစ်တော်နှင့် အသက်တာကို အစပြုသည်နှင့် တစ်ပြိုင်တည်း၊ ထိုမေတ္တာတော်နှင့် တန်ခိုးတော်သည် ကျွန်ုပ်တို့အတွက် နေ့စဉ် အရန်သင့်ရှိနေပြီး၊ စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်နိုင်ရန် ကူညီလေသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ တန်ခိုးတော်နှင့် မေတ္တာတော်ကို လိုအပ်သလို တောင်းခံနိုင်သည်။
၅း၁၁ ဘုရားရှင်သည် သန့်ရှင်းသောဘုရား ဖြစ်သောကြောင့် အပြစ်တရားနှင့် ရောနှောလိမ့်မည် မဟုတ်ပါ။ လူတိုင်းတို့သည် အပြစ်သားများ ဖြစ်သောကြောင့် ဘုရားရှင်နှင့် ကွာခြားလျက်၊ ကွာဝေး လျက်ရှိသည်။ ထို့အပြင် မည်သည့်အပြစ်မဆို စီရင်ခြင်းကို ခံထိုက်သည်။ ကျွန်ုပ်တို့ပြုခဲ့သောအပြစ် များအတွက် သေခြင်း ခံထိုက်သော်လည်း ခရစ်တော်သည် ကျွန်ုပ်တို့ အပြစ်များ ယူဆောင်ပြီး ကျွန်ုပ်တို့ ခံရမည့်စီရင်ခြင်းကို ကားတိုင်ပေါ်၌ အသေသတ် ခံခြင်းအားဖြင့် ခံယူသွား ခဲ့သည်။ ယခုအခါ၌ ကျွန်ုပ်တို့သည် ဘုရားရှင်၌ ဝမ်းမြောက်နိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ခဲ့သော အရာများကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် နီးစပ်နိုင်သည်။ ကျွန်ုပ်တို့နှင့် ဘုရားရှင်သည် ရန်သူများ မဟုတ်သကဲ့သို့ တစ်ဦးနှင့်တစ်ဦး ပစ်ပယ်ထားသော သူများလည်းမဟုတ်ပေ။
၅း၁၂ အာဒံ (Adam) မှ လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာ၌ ပြုခဲ့သော အပြစ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်သည်ဟု အဘယ်ကြောင့် သတ်မှတ် နိုင်မည်နည်း။ အာဒံ၏ အပြစ်ကြောင့် ကျွန်ုပ်တို့အား ဘုရားရှင် စီရင်ခြင်း အပေါ်၌ လူအများတို့သည် မကျေမနပ် ခံစားကြရသည်။ ကျွန်ုပ်တို့ နေ့စဉ်ပြုလုပ်သော အပြစ်များကြောင့် ကျွန်ုပ်တို့သည်လည်း အာဒံကဲ့သို့ ဖြစ်လျက် ရှိကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့သည် အာဒံကဲ့သို့ အမှားမျိုး ပြုလုပ်လျက်၊ ဘုရားရှင်ကို ပုန်ကန်လျက်ရှိပြီး ထိုအပြစ်တို့ အတွက် စီရင်ခြင်းကို ခံနေကြရသည်။ ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်သော အရာမှာ အမှန်တရား မဟုတ်ဘဲ ဂရုဏာတော်သာ ဖြစ်သည်။
❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯