❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အခန်းကြီး ၆
၆း၁-၈၊ ၁၉ ဤအခန်းသည် သန့်ရှင်းစေခြင်း (Sanctification) ကျွန်ုပ်တို့မှ ယုံကြည်ခြင်း အသက်တာ တိုးပွားရင့်သန် လာသည်နှင့် အမျှ ဘုရားရှင်မှ ကျွန်ုပ်တို့၏ အသက်တာအား ပြောင်းလဲစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။ အခန်းကြီး (၆) ၌ ယုံကြည်သူတို့သည် အပြစ်တရား၏ ထိန်းချုပ်မှုမှ လွတ်မြောက်လျက် ရှိကြောင်း ရှင်းပြထားသည်။ အခန်းကြီး (၇) ယုံကြည်သူတို့မှ အပြစ်ကို ဆက်လက်တွန်းလှန် ရုန်းကန်မှုအား ရှင်းပြထားသည်။ အခန်းကြီး (၈) ၌ ကျွန်ုပ်တို့မှ အပြစ်အပေါ် အောင်မြင်နိုင်မည့် နည်းကို ရှင်းပြထားသည်။
၆း၁-၂ အကယ်၍ ဘုရားရှင်သည် အပြစ်လွှတ်လိုသော ဘုရားဖြစ်လျှင်၊ ကျွန်ုပ်တို့မှ အပြစ်များကို ထပ်မံ ကျူးလွန်ပြီး၊ ပို၍များပြားသော အပြစ်များကို ဘုရားရှင်အား ပေးခြင်းသည် သင့်လျော်ပါသလား။ ဘုရားရှင်မှ အပြစ်များကို လွှတ်တော်မူမည်ဟု ကတိတော် ထားသည်ဖြစ်၍ ကျွန်ုပ်တို့သည် အပြစ်များကို ကျွန်ုပ်တို့နှစ်သက်သရွေ့ လွတ်လပ်စွာလုပ်ဆောင်ရန် အခွင့်ရပါသလား။ ပေါလု (Paul) မှ ‘ထိုသို့မနေရ’ ဟု အလေးထား ဖြေကြားခဲ့သည်။ ထိုသို့ ဘုရားရှင်အပေါ်၌ အမြတ်ထုတ်လိုသော စိတ်ထား ရှိသူသည် အပြစ်၏ ဆိုးရွားမှုကို နားမလည်သေးသောသူ ဖြစ်သည်။ ဘုရားရှင်၏ ခွင့်လွှတ်ခြင်းသည် အပြစ်ပြုခြင်းအား လျစ်လျူရှုသောသဘော၊ အရေးမထားသော သဘောမဆောင်ပါ။ ဘုရားရှင်၏ သားတော်သည်ပင်လျှင် ကျွန်ုပ်တို့အပြစ် အတွက် သေခြင်းကို ခံခဲ့ရသည်ကို ထောက်ရှုခြင်းအားဖြင့် အပြစ်သည် လွန်စွာဆိုးရွားသော အကျိုးဆက်ရှိကြောင်း သိသာသည်။ ယေရှု (Jesus) မှ သူ၏ အသက်ကို အသေခံခြင်းကြောင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံကြရသည်။ ဘုရားရှင်၏ မေတ္တာတော်သည် ကျွန်ုပ်တို့မှ သတိမဲ့စွာ၊ ကိုယ်ကျင့်တရားမဲ့စွာ နေနိုင်ရန် ချွင်းချက်မဟုတ်ပါ။
၆း၁-၄ ပေါလု (Paul) အချိန်ကာလ၌ အသစ်သော ခရစ်ယာန်များကို ရေ၌ လုံးဝနှစ်ခြင်းဖြင့် ဗတ္တိဇံ (Baptism) ပြုကြသည်။ သူတို့ နားလည်ထားသည်မှာ ရေ၌နှစ်ခြင်းသည် ဟောင်းသော အသက်တာကို သေဆုံးခြင်းနှင့် မြုပ်နှံခြင်းကို ပုံဆောင်သည်။ ရေမှပြန်၍ ထလာခြင်းသည် ခရစ်တော်နှင့်ရှိသော အသစ်သောအသက်တာ၌ ရှင်ပြန်ခြင်းကို ပုံဆောင်သည်။ ကျွန်ုပ်တို့သည် ဟောင်း၍ အပြစ်နှင့်ပြည့်ဝသော အသက်တာအား သေဆုံးစေပြီး မြုပ်နှံပြီးဖြစ်သည်ဟု ခံယူလျှင် ကျွန်ုပ်တို့၌ အပြစ်ကို ကြံ့ကြံ့ခံ တွန်းလှန်လိုသော စိတ်ဆန္ဒဖြစ်ပေါ်ပေမည်။ မှားယွင်းသော စိတ်ဆန္ဒ၊ သွေးဆောင်မှုများအားလည်း ကျွန်ုပ်တို့၏ အသက်တာ၌ သေဆုံးပြီးသော အရာများ ကဲ့သို့ မှတ်ယူနိုင်ပေမည်။ ထိုနောက် ကျွန်ုပ်တို့သည် ယေရှုနှင့် အတူတကွရှိသော အသက်တာသစ်၌ ဆက်လက် ပျော်မွေ့ကြည်နူး နိုင်ပေမည် (ဂလာတိ ၃း၂၇၊ ကောလောသဲ ၂း၁၂၊ ၃း၁-၄ တွင် ဆက်၍ဖတ်ရှုပါ)။
၆း၅ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိသော အသက်တာသစ်တွင် ပျော်မွေ့ကြည်နူးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်နှင့် အတူတကွ ကျွန်ုပ်တို့သည် သေဆုံးပြီး ရှင်ပြန်ထမြောက်ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ မှားယွင်းသော စိတ်ဆန္ဒများ၊ အပြစ်နှောင်ကြိုးများ၊ အပြစ်ပြုလိုမှုများသည် ထိုသခင်နှင့်အတူ သေဆုံးခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ယုံကြည်ခြင်းအားဖြင့် ထိုသခင်နှင့် ကျွန်ုပ်တို့ တစ်လုံးတစ်ဝတည်း ရှိကြသည်။ ကျွန်ုပ်တို့နှင့် ဘုရားရှင်အကြား မိတ်သဟာယ ပြုမှုမှာ ပြတ်တောက်မှု ကင်းမဲ့လျက်၊ ကျွန်ုပ်တို့အား ထိန်းချုပ်လျက်ရှိသော အပြစ်တရားမှ လွတ်မြောက်လျက်ရှိသည်။ ခရစ်တော်၌ရှိသော အသက်တာသစ်နှင့် အပြစ်နှင့်ပြည့်ဝသော ဟောင်းနွမ်းသည့် အသက်တာတို့ ကွာခြားမှုကို ဧဖက် ၄း၂၁-၂၄၊ ကောလောသဲ ၃း၃-၁၅ ၌ ဆက်လက် ဖော်ပြထားသည်။
❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯