ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၅)
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး (၄)
လက်တွေ့ကျင့်သုံးရန်
သင်လိုက်နာ ကျင့်သုံးမည့် ကျမ်းချက်တစ်ချက်ကို ရွေးပြီး သင်လုပ်နေကျအတိုင်း –
(၁) ကျင့်သုံးရန်သမ္မာတရား
(၂) လောလောဆယ် သင်နှင့်ဆက်မှု
(၃) မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရန် အစီအစဉ်ဟူ၍ အပိုင်း ၃ ပိုင်းခွဲရေးပါ။
နောက်ဆုံးအချက်ကို လက်တွေ့ကျကျနှင့် တိတိကျကျ ရေးပါ။ သင်လုပ်ရမည့် အရာသည် သင့်အတွက် လိုအပ်ချက်ဖြစ်ပြီး လက်တွေ့လုပ်ချင်အောင် ဘုရားသခင် သင့်စိတ်နှလုံးကို နှိုးဆော်သော အချက်ဖြစ်သည်။ သူတစ်ပါး အထင်ကြီးရန် (သို့) သူတစ်ပါး ကျေနပ်စေရန် ရေးခြင်းမျိုး မဖြစ်ပါစေနှင့်။ ရိုးသားမှုရှိပါ။ လက်တွေ့ကျင့်သုံးမည့် အချက်မရေးမီ ဆုတောင်းပါ။ ထို့နောက် လက်တွေ့ကျင့်သုံးမည့် အချက်ကိုလည်း ဆုတောင်းပါ။ ဇာတိသဘောနှင့် ကြီုးစားကျင့်ခြင်းအားဖြင့် သင့်အသက်တာ ပြောင်းလဲနိုင်သည် မဟုတ်ပါ။ သင့်ကိုပြောင်းလဲပေးမည့် သူမှာ ဘုရားသခင်သာဖြစ်သည်။ (ဖိ ၂း၁၃) လက်တွေ့ကျင့်သုံးရန် လုပ်ရမဲ့အဆင့်ကို အောက်ပါအတိုင်း အမျိုးမျိုးခြားနားစွာ ရေးနိုင်ပါသည်။
၁။ ချက်ခြင်းလိုက်နာရန်အချက်
ရေရှည်မဟုတ်ဘဲ လတ်တလော ရက်ပိုင်းအနည်းငယ်အတွင်း ဖြစ်မြောက်အောင် တိတိကျကျ လိုက်နာဆောင်ရွက် ရမည့်အချက်ဖြစ်သည်။ စာမျက်နှာ ၉-၁၀ နှင့် ၁၄-၁၅ ၌ လက်တွေ့ကျင့်သုံးရန် အချက်ရေးခြင်းအတွက် နမူနာများကို ကြည့်ပါ။ တခါတရံ ကျင့်သုံးရမည့် အချက်ကို မှတ်စုထဲတွင် ရေးမှတ်ပြီးနောက် ဘုရားခင်က သင့်အား လုပ်ဆောင်စေလိုသော အရာကို သင်လုပ်ဖြစ် မဖြစ်စစ်ဆေးခြင်းက သင့်အား အထောက်အကူ ဖြစ်စေပါသည်။
၂။ သဘောထားအသစ်
ဘုရားသခင်အကြောင်း (သို့) ဘုရားသခင်၏ နည်းဥပဒေများအနက် တစ်ခုနှင့်ပတ်သက်၍ ရှိသင့်သော သဘောထား သစ်များကို ဆုတောင်းစာရင်း၌ တိတိကျကျ မှတ်သားပြီး ဆုတောင်းပါ။ တခါတရံ လက်တွေ့ကျင့်သုံးမည့် ကျမ်းပိုဒ်ကို အလွတ်ကျက်ထားခြင်း၊ ပြန်နွေးခြင်းဖြင့်လည်း ဘုရားသခင် အလိုတော်ကို ပြန်သတိရပြီး ဆုတောင်းရန် နှိုးဆော်ခံရမည် ဖြစ်သည်။