ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၆)
ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်
အဖွဲ့ဖြင့်ကျမ်းစာ လေ့လာရာတွင် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ရှာဖွေလေ့လာခြင်းနည်း Service To Self (STS) ကို အသုံးပြုပုံပြုနည်း
အဖွဲ့လိုက်ကျမ်းစာ ဆွေးနွေးရာတွင် နူတ်ထွက်စကားတော်ကို ကိုယ်တိုင်ရှာဖွေ လေ့လာခြင်း နည်းကို အသုံးပြုရန် အလွန်ကောင်းမွန်ကြောင်း တွေ့ရသည်။ အခြားသူများနှင့် တွေ့ဆုံပြီး မိမိတွေ့ရှိချက်များ၊ ခွန်အားရသည့် အချက်များ၊ ပြဿနာ မေးခွန်းများကို ဝေငှပြောဆိုခြင်းသည် သမ္မာကျမ်းစာနှင့် ကိုက်ညီပြီး အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။
အကယ်၍ အဖွဲ့တွင် ပါဝင်သူများသည် စာအုပ်အမှတ် ၇၊ ၈ နှင့် ၉ ကို မဖြေဆိုရ သေးပါက ထိုစာအုပ်များကို ဦးစွာဖြေဆို သင့်ပါသည်။ အကြောင်းမှာ နှုတ်ထွက်စကားတော်ကို ကိုယ်တိုင်ရှာဖွေ လေ့လာခြင်းနည်းကို ကောင်းမွန်စွာ သိရှိနိုင်ရန်အတွက် ထိုစာအုပ်များတွင် အဆင့်ဆင့် ညွှန်ကြားချက်များ ပေးထားသောကြောင့် ဖြစ်ပါသည်။
ကျမ်းစာ လေ့လာမည့် အဖွဲ့ကို ဖွဲ့ပြီးသောအခါ အပါတ်စဉ် မှန်မှန်တွေ့ဆုံ နိုင်မည့်ရက်နှင့် အချိန်အကန့်အသတ်ကို သတ်မှတ်ထားပါ။ ဓမ္မသစ်ကျမ်းမှ သြဝါဒစာ တစောင်ကို စတင်လေ့လာပါ။ တမန်တော်ဝတ္ထု (Acts) (သို့) ခရစ်ဝင်ကျမ်း (Gospel) များကို စတင် လေ့လာရန် ရှည်လျားလွန်းပါသည်။ လူ ၈ ယောက်ထက် ပိုနေပါက ဆွေးနွေးရာတွင် လူ ၂ စု ခွဲလိုက်ပါ။ အပါတ်စဉ် သတ်မှတ် ပေးထားသော သင်ခန်းစာကို လူတိုင်းအပြီးဖြေဆို လာရမည်ဖြစ်သည်။ လေ့လာခဲ့သည့် သင်ခန်းစာ အချို့အပိုင်းမှ သော်လည်းကောင်း အပိုင်းအားလုံးမှ သော်လည်းကောင်း တွေ့ရှိသည့် အချက်အလက်များပေါ်တွင် မူတည်ပြီး ဆွေးနွေးရမည် ဖြစ်သည်။ အဖွဲ့ရှိ လူအချို့မှာ အပါတ်စဉ် လေ့လာရမည့် အခန်းတခုလုံးကို ပြီးစီးရန် အချိန်မလုံလောက်လျှင် သော်လည်းကောင်း၊ ဖြေဆိုနိုင်စွမ်း မရှိလျှင် သော်လည်းကောင်း၊ သင်ခန်းစာ၏ အစိတ်ပိုင်း တပိုင်းကိုသာ ဖြေဆိုရန် သတ်မှတ်ထား သင့်ပေသည်။ သို့မှသာ တခန်းလုံးကို ပြီးစီးအောင် ဖြေဆိုနိုင်စွမ်း မရှိသူအတွက် အားတက်စေပြီး သူ၏ ဖြေနိုင်စွမ်း တိုးတက်လာသည့်အထိ ဆက်လက်ဖြေဆိုရန် ဆန္ဒရှိမည် ဖြစ်သည်။