❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯
ပထမပိုင်း
အခန်း (၁) အသင်းတော်
၁။ အနက်အဓိပ္ပါယ်
ဂ။ သင်းတော် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း (Church Unity)
ခရစ်ယာန် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းနှင့် သာသနာ ပြုခြင်းသည် ခွဲခြား၍ မရပါ။ အချင်းချင်း အမှီသဟဲ ပြုနေကြ ပါသည်။ ယနေ့ကမ္ဘာ လောကကို သာသနာ ပြုရန် ခရစ်ယာန်များ တစ်လုံးတစ်ဝတည်း တည်ရှိခြင်းသည် အဓိက ကျပါသည်။ ယခုခေတ် ခရစ်ယာန်များ တစ်လုံးတစ်ဝတည်း ဖြစ်သည်ကို မျက်မြင်ကိုယ်တွေ့ လုပ်ငန်း အစီအစဉ် အချို့က အကောင်အထည် ဖော်နေပါသည်။ ၎င်းတို့မှာ ကမ္ဘာ့ဆုတောင်းရာနေ့ အစီအစဉ်၊ အသင်းတော် အချင်းချင်း ပံ့ပိုးကူညီခြင်း၊ သာသနာပြု ခြင်း၌ ဝိုင်းဝန်း ကူညီပံ့ပိုးမှု၊ အချင်းချင်း အသိအမှတ်ပြုခြင်း၊ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုများ ဆွေးနွေး ညှိနှိုင်းခြင်းနှင့် အပြန်အလှန် အသိအမှတ် ပြုခြင်းတို့ ဖြစ်ပါသည်။
တစ်လုံးတစ်ဝတည်း လှုပ်ရှားမှုကြီး၏ ရည်ရွယ် ချက်သည် ကွဲပြား ခြားနားခြင်းကို လုံးဝပျောက်ကွယ် သွားရန် မဟုတ်သော်လည်း သာသနာတော် လုပ်ငန်းတွင် အတားအဆီး ဖြစ်စေသော ကွဲပြားမှု များကို ကျော်လွှား၍ ပူးပေါင်းဆောင်ရွက် နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းသည် တပြေးညီရှိရန် မဟုတ်ပါ။ ခြားနားမှုများ ရှိလျက်ပင် တစ်လုံးတစ်ဝတည်း ရှိရန်ဖြစ်သည်။ ကွဲပြားခြားနား နေကြသော ခရစ်ယာန်တို့သည် ယုံကြည်ခြင်းဖြင့် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ပါသည်။ သားတော်ကို သိရှိခြင်း၊ ကြီပွားပြည့်စုံ လာခြင်း၌ အခြေပြုသော တည်ရှိခြင်း ဖြစ်၏။ (ယော ၁၇း၂၁၊ ဧဖက် ၄း၁-၁၆) အသင်းတော် အတွင်း ကွဲပြား ခြားနားမှုသည် ရှိနေမြဲ ဖြစ်သည်။ သို့သော် အသင်းတော်သည် နယ်မြေဒေသ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး စသည့် ကွဲပြားခြားနား နေသော ကမ္ဘာကြီးတွင် တစ်လုံးတစ်ဝတည်း ဖြစ်ရန် အခြေခံ အုတ်မြစ် ဖြစ်သည့် ခရစ်တော်နှင့် ကယ်တင်ခြင်း ဆုကျေးဇူးတော်၌ တည်လျက် ထိုခရစ်တော်၏ လက်တော်အောက်၌ တစ်လုံးတစ်ဝတည်း ဖြစ်ရပေမည်။
❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯