❮ Prev . . . ၁ ၂ အခန်း ၃ ၄ ၅ Next ❯
ပထမပိုင်း
အခန်း (၃) နှစ်ခြင်းခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ
၁။ သမ္မာကျမ်းစာ The Bible
နှစ်ခြင်း ခရစ်ယာန်များ အနေဖြင့် သမ္မာကျမ်းစာသည် ထာဝရ ဘုရား၏ နှုတ်ကပတ်တော်၊ ထာဝရဘုရား၏ ဝိညာဉ်တော် မှုတ်သွင်းခြင်း ခံရ၍ ဘုရားရှင် မိန့်တော်မူသည့် အတိုင်း ရှေးသန့်ရှင်း သူများ စီရင်ရေးသား ထားသောစာ ဖြစ်သည်ဟု ယုံကြည် လက်ခံသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ယုံကြည်သူတို့၏ ဝိညာဉ် အသက်တာ အတွက် အမှန်တရားကို ဖော်ပြသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ဖြစ်ကြောင်း လက်ခံ ယုံကြည်သည်။ ဤဓမ္မ ခံယူချက်ကို လုံးဝယုံကြည် လက်ခံ ထားခြင်းကြောင့် သမ္မာကျမ်းစာသည် ယုံကြည်မှုနှင့် ကျင့်သုံးမှုအတွက် ပြည့်ဝ စုံလင်သော နှုတ်ကပတ်တော် ဖြစ်ပြီး ဓမ္မသြဇာ အာဏာစက် ရှိသည်ဟု မလွှဲမသွေ ယုံကြည်သည်။ (၂ တိ ၃း၁၆-၁၇၊ ၂ ပေ ၁း၂၀-၂၁၊ ဟေရှာ ၈း၂၀)
၂။ တစ်ဆူတည်း ဖြစ်တော်မူသော ဘုရားသခင် One God
ထာဝရ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ နေ၍ ခပ်သိမ်းသော အရပ်တို့၌လည်း ရှိတော်မူသည်။ ခပ်သိမ်းသော အရာတို့ကို သိတော်မူ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသည်။ ကောင်းမြတ် စုံလင်တော်မူ၍ သေခြင်းမာရ်ကို အောင်မြင်တော် မူလျက် အသက်ရှင်တော် မူသော တစ်ဆူတည်းသော ဘုရားဖြစ်တော် မူသည်။
ဘုရားသခင်၏ ဇာတိ အဖြစ်တော်ကို ခမည်းတော်၊ သားတော် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဖော်ပြလျက် ရှိတော်မူ၏။ ဤသုံးပါး တစ်ဆူတည်းသော ဘုရားသခင်အား အမြတ်ဆုံးသော ယုံကြည်ခြင်း၊ ရိုသေခြင်း၊ နားထောင်ခြင်း၊ အားကိုးခြင်းနှင့် ချီးမွမ်းခြင်း တို့ဖြင့် ဆက်ကပ်ပူဇော်သင့်ကြောင်း ယုံကြည်လက်ခံပါသည်။ (ယော ၁း၁၊ ဟေရှာ ၄၅း၂၁၊ ရော ၉း၅၊ ၁ တိ ၃း၁၆၊ ယော ၁၄း၂၆၊ တ ၅း၃-၄၊ တရား ၆း၎-၉)