❮ Prev . . . ၁ ၂ အခန်း ၃ ၄ ၅ Next ❯
ပထမပိုင်း
အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ
၆။ ခရစ်တော်၌ရရှိသော ကယ်တင်ခြင်း Salvation in Christ
က။ အပြစ် ဒုစရိုက်မှ နောင်တရခြင်း တရား Repentance
လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆောင်မှုကြောင့် ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်သောအခါ ပထမဦးစွာ မိမိ၏ အပြစ်ဒုစရိုက် များအတွက် နောင်တရ ရမည် ဖြစ်ပါသည်။ ဘုရားရှင် မပါသော မိမိ ဘဝအတွက် နောင်တရပြီး ခရစ်တော်ကို မိမိ၏ အရှင်သခင်အဖြစ် လက်ခံကာ ခရစ်တော်၏ အလိုတော် အတိုင်း အသက်ရှင်ရန် အသက်တာကို ခရစ်တော်အား ဆက်ကပ်အပ်နှံ ရပါမည်။ သို့ဖြစ်ရာ နောင်တ ရခြင်း တရားတွင် ခရစ်တော်အား သိကျွမ်းခြင်း (Knowledge) မိမိသည် ဘုရားရှင် မပါသော ဘဝ အသက်တာတွင် အသက်ရှင် နေသည်ဟု ခံစားခြင်း (Feeling) နှင့် နောက်ဆုံးတွင် ခရစ်တော် သာလျှင် မိမိ အသက်တာ၏ အရှင်သခင် အဖြစ် လက်ခံရန် ဆုံးဖြတ်ခြင်း (Will) များပါဝင်လျက် ရှိပါသည်။ လူသည် မိမိအပြစ်မှ နောင်တ ရလာ သောအခါ၊ မိမိ၏ ရှေ့ရှုရာ အရပ် (Direction) ကို ပြောင်းလဲ၍ အမှန်ဘက်သို့ ပြန်လှည့်ပြီး ဘုရားရှင်ကို ရှေ့ရှုခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ နောင်တရခြင်း တရားသည် လူသားများ၏ ဇာတိ ပကတိကို စွန့်လွှတ်ကာ ဝိညာဉ် ပကတိသို့ ပြောင်လဲခြင်း (Conversion) ပင်ဖြစ်ပါသည်။ ငါ တည်းဟူသော စိတ်မှ ခရစ်တော် တည်းဟူသော စိတ်သို့ ပြောင်းလဲခြင်းလည်း ဖြစ်ပါသည်။ ကယ်တင်ခြင်း ရရှိရန် အတွက် လူသားများ ပြုလုပ်ရမည့် အခန်းကဏ္ဍ ဖြစ်ပါသည်။
ခ။ ဖြောင့်မတ်ခြင်း တရား Righteousness
အပြစ် ဒုစရိုက်များမှ နောင်တရလျက် ခရစ်တော်သာလျှင် မိမိ၏ အရှင်သခင်အဖြစ် ယုံကြည် လက်ခံသော သူများကို ဘုရားရှင်သည် ဖြောင့်မတ်သောသူကဲ့သို့ မှတ်ယူပါသည်။ (ရော ၄း၂-၃) လူသားတို့ ၏ အကျင့်သီလ အားဖြင့်မဟုတ်ဘဲ ခရစ်တော်၏ အသွေးတော်ကြောင့်သာလျှင်ဖြစ်ပါသည်။ သားတော်သခင်ယေရှု၏ အသွေးတော်ကို မှီခိုကိုးစားခြင်းအားဖြင့် ဘုရားသခင်သည်အပြစ်ရှိသောသူများကို မှီခိုကိုးစားခြင်းအားဖြင့် ဘုရားသခင်သည်အပြစ်ရှိသောသူများကို ဖြောင့်မတ်သောသူများကဲ့သို့ မှတ်ယူခြင်းသာဖြစ်ပါသည်။ သို့ဖြစ်ရာဤဖြောင့်မတ်ခြင်းတရားသည် လူသားများကယ်တင်ခြင်းရရှိရန်အတွက် ဘုရားရှင်ပြုတော်မူသော အမှုတော်ဖြစ်ပါသည်။ ဖြောင့်မတ်ခြင်းတရားကိုသမ္မာကျမ်းစားတွင် ပြန်လည်မိတ်သဟာယဖွဲ့ခြင်း၊ သားအဖြစ်သို့ သိမ်းသွင်းခြင်း၊ ရွေးနုတ် ကယ်တင်ခြင်း ဟူ၍ ဖော်ပြထားပါသည်။ မိမိ၏ အပြစ်မှ နောင်တတရား ရရှိ၍ ခရစ်တော်ကို အရှင်သခင်အဖြစ် ယုံကြည်လက်ခံပြီး လူတိုင်းကို ဘုရားရှင်သည် ဖြောင့်မတ်သော သူကဲ့သို့ မှတ်ယူခြင်းကို ဖြောင့်မတ်ခြင်းတရား ဟုခေါ်ပါသည်။