❮ Prev . . . ၁ ၂ အခန်း ၃ ၄ ၅ Next ❯
ပထမပိုင်း
အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ
၆။ ခရစ်တော်၌ရရှိသော ကယ်တင်ခြင်း Salvation in Christ
င။ တည်ကြည်ခြင်း တရား Perseverance
နောင်တရသော ပြစ်ရှိသူတိုင်းကို ဘုရားရှင်သည် အသစ်ပြုပြင်ပြီး ကြီးထွားရင့်ကျက်သော ခရစ်ယာန် အသက်တာသို့ ရောက်ရှိ နိုင်ရန်အတွက် သန့်ရှင်စေခြင်း အမှုတော်များကို ဆောင်ရွက်ခဲ့ပါသည်။ လူသားများ တို့သည်လည်း ဘုရားရှင်၏ ပြုပြင်ခြင်းကို တုံ့ပြန် ရပါမည်။ ဘုရားရှင်သည် အာဏာစက်နှင့် အတင်းအဓမ္မ လူသားများကို ဆက်ဆံသော ဘုရားမဟုတ်ပါ။ ပုံသဏ္ဍာန် တော်နှင့် အညီ ဖန်ဆင်းသော လူသားများကို ဘုရားရှင်သည် လူသားတို့၏ တုန့်ပြန်မှုကိုလည်း တောင်းဆို ပါသည်။ ခရစ်တော်၌ ရရှိသော ကယ်တင်ခြင်း တရားတွင် ဘုရားရှင် ဆောင်ရွက်သည့် အမှုတော်များ ရှိသည်နည်းတူ လူသားများမှ ပါဝင်တုန့်ပြန်ရမည့် အခန်းကဏ္ဍလည်း ရှိပါသည်။ သို့ဖြစ်ရာ အသစ် ပြုပြင်ခြင်း (Regeneration) နှင့် နေ့စဉ် သန့်ရှင်းစေခြင်း (Sanctification) အမှုတော်ကို ယုံကြည်သူ လူသားများ မှလည်း စွဲမြဲ တည်ကြည်ခြင်း (Perseverance) အားဖြင့် တုံ့ပြန်ရမည် ဖြစ်ပါသည်။
ခရစ်တော်၌ ရရှိသောကယ်တင်ခြင်းတွင် အဓိက လှုပ်ရှားပြီး အမှုတော်ကိုဆောင်ရွက်သောပုဂ္ဂိုလ်မှာ ဝိညာဉ်တော်ဘုရားသာဖြစ်ပါသည်။ ဝိညာဉ်တော် ဘုရား၏ အမှုတော်ဆောင်ခြင်းကိုလူသားများမှပြန်လည်ပြီး ပါဝင်တုံ့ပြန်ခြင်းသာဖြစ်ပါသည်။ ဝိညာဉ်တော်ဘုရား၏ အဓိကပါဝင် အမှုတော်ဆောင်ခြင်းကို လူသားများမှ အစဉ်တုံ့ပြန်ခြင်းအားဖြင့် တစ်နေ့ သောအခါ ပြည့်စုံကြွယ်ဝသော ဘုန်းတော်သို့ ဝင်စားရမည်ဖြစ်ပါသည်။
၇။ ယုံကြည်ဝန်ခံသူတို့၏ နှစ်ခြင်းမင်္ဂလာ Believer’s Baptism
သခင်ယေရှု ခရစ်တော်အား မိမိကယ်တင်ရှင်ဟု ဝန်ခံလျက်နှစ်ခြင်းတို့၏ အခြေခံယုံကြည်ချက်များကို နားလည်လက်ခံပြီး ရေ၌နှစ်ခြင်းမင်္ဂလာခံယူရမည်။ ရေ၌ နှစ်ခြင်းမင်္ဂလာ ခံယူရာ၌လည်း ခမည်းတော်သားတော်၊ သန့်ရှင်းတော်မူသော ဝိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူတည်း ဖြစ်သော အသက်ရှင်သော ထာဝရဘုရားကို လက်ခံယုံကြည်ခြင်း ဖြစ်၏။ ထို့အတူ သခင်ယေရှုခရစ်အား ကားတိုင်ပေါ်၌ အသေခံတော်မူခြင်း၊ မြှုပ်နှံခြင်းနှင့် ရှင်ပြန်ထမြောက် တော်မူခြင်းကို ယုံကြည်ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် သခင်ယေရှု ခရစ် ရှင်ပြန်ထမြောက် တော်မူကြောင်းကို ယုံကြည်ခြင်းမှာ မိမိသည် ဘဝသစ်ကို ခံယူရရှိ သည်ဟု ယုံကြည်ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ယုံကြည်ပြီး သခင်ယေရှု ခရစ်အား လက်ခံသော သူသည် အသက်အရွယ် အရ စဉ်စားဆုံးဖြတ် နိုင်သူဖြစ်ပြီး နှစ်ခြင်း မင်္ဂလာ ခံသူသည် မိမိမင်္ဂလာခံယူသော အသင်းတော်တွင် အမည်သွင်း ရပါမည်။