❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၁။ နှစ်ခြင်းမင်္ဂလာဝတ်
က။ အဓိပ္ဗါယ်
Baptism နှစ်ခြင်းမင်္ဂလာဟူသော ဝေါဟာရသည် ဂရိဘာသာစကားဖြစ်သော Baptizo မှ ဆင်းသက်လာပြီး၊ အဓိပ္ဗာယ်မှာ တစ်ကိုယ်လုံး ရေထဲသို့ နှစ်ခြင်၊ ရေအောက်သို့ နှစ်ခြင်း၊ တစ်ကိုယ်လုံး ရေလွှမ်းမိုး စေခြင်းဖြစ်သည်။ ထို့ကြောင့် ရေထဲသို့ အကုန်အစင် နှစ်ခြင်းသည် နက်နဲသော အဓိပ္ပာယ်ရှိသည်ဟု နှစ်ခြင်းခရစ်ယာန်များ ယုံကြည်လက်ခံကြသည်။
ခ။ ဓမ္မသဘော
(၁) နှစ်ခြင်းမင်္ဂလာကြောင့် ကယ်တင်ခြင်း ရရှိသည် မဟုတ်ပါ။ ဘုရားသခင် ကျေးဇူးတော်အားဖြင့် ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းကို ရရှိသည်။
(၂) နှစ်ခြင်း/ဖြန်းခြင်းသည် ပုံဆောင်ခြင်းသာဖြစ်သည်။
(၃) ယုံကြည်သူကိုသာ နှစ်ခြင်းပေးပါသည်။ ယုံကြည်သူ၏ နှစ်ခြင်းမင်္ဂလာဖြစ်သည်။
(၄) နှစ်ခြင်းမင်္ဂလာကို ထပ်မံ၍ ပေးရန်မလိုပါ။
ဂ။ နှစ်ခြင်းမင်္ဂလာပေးခြင်း
(၁) နှစ်ခြင်းမင်္ဂလာကို ရေ၌နှစ်ခြင်း အားဖြင့်သာ ပေးရမည်။
(၂) သိက္ခာတော်ရ အမှုတော်ဆောင် များသာပေးရမည်။
(၃) အသက် (၁၂)နှစ် အထက်ကိုသာ နှစ်ခြင်းမင်္ဂလာ ပေးသင့်သည်။
(၄) နှစ်ခြင်းမင်္ဂလာ ပေးမည့် အမှုတော်ဆောင်သည် ဝတ်ရုံ သို့မဟုတ် တိုက်ပုံ သို့မဟုတ် သင့်တင့်လျောက်ပတ်သည့် အဝတ်အစားကို ဝတ်ဆင်ရမည်။
(၅) ရေ၌နှစ်၍ ပေးခြင်းမရှိသော ဗတ္တိဇံမင်္ဂလာ ခံယူသူများ၊ အခြားဂိုဏ်းဂဏမှ အသင်းသားများတို့ကို နှစ်ခြင်းပြန်လည် ပေးရမည်။
(၆) သို့သော်မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီအဖွဲ့ဝင် အသင်းတော်များမှ အသင်းသားများကို ထပ်မံ နှစ်ခြင်းပေးရန် မလိုပါ။
(၇) အသက်ကြီး၍ လည်းကောင်း၊ မနာမကျန်းဖြစ်၍ လည်းကောင်း၊ အိပ်ယာထဲ လဲနေသူနှင့် မသန်စွမ်းသူတို့ကို ရေဖြန်း၍ နှစ်ခြင်းမင်္ဂလာ ပေးနိုင်သည်။