❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၂။ ပွဲတော်မင်္ဂလာဝတ်
ဃ။ စီရင်ကျင်းပသည့်နေရာ
ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်မှ သဘောတူဘ ချိန်းချက်ထားရှိသည့် နေရာတွင် စီရင်ရပါသည်။ ဗိမာန်တော်၊ တပည့်တော်စု ဝတ်ပြုရာအိမ်၊ သို့မဟုတ် အထူးဝတ်ပြုရာ ခန်းမဖြစ်သည်။
ထို့ပြင် ဗိမာန်တော်၌ ပွဲတော်မင်္ဂလာဝတ်တွင် ပါဝင်နိုင်စွမ်းမရှိသော သက်ကြီးသူများ၊ နာမကျန်းသူများ တို့အား အသင်းတော် (အမှုဆောင်အဖွဲ့) ၏ သိမှတ်မှုဖြင့် အိမ်တွင်လည်းကောင်း၊ ဆေးရုံ၌လည်းကောင်း၊ ပေးနိုင်ပါသည်။
င။ စီရင်ကျင်းပသည့်အချိန်ကာလ
ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည့် နေ့ရက်အချိန်တွင် စီရင် လေ့ရှိပါသည်။ လစဉ်ပထမ ဥပုသ်နေ့ သို့မဟုတ် ဒုတိယ ဥပုသ်နေ့တွင် ပုံမှန်ကျင်းပသော အသင်းတော်များ ရှိသကဲ့သို့ နှစ်လ သို့မဟုတ် သုံးလတစ်ကြိမ် စသည်ဖြင့် သတ်မှတ်သော အသင်းတော်များလည်း ရှိပါသည်။
အခြေခံအားဖြင့် ကယ်တင်ရှင်ကို အောက်မေ့သတိရလျက် ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ ဝန်ချတောင်းပန်ခြင်းနှင့် တစ်ဖန်ဆက်ကပ်ခြင်း ဖြစ်ရာ လွန်စွာအချိန်ကွာဟမှု မရှိသင့်ချေ။
စ။ ပွဲတော်မင်္ဂလာဝတ်စီရင်ပုံ
နှစ်ခြင်းတို့ပွဲတော်ကို စီရင်သည့်အခါ ပလ္ထင်ပေါ်မှ စီရင်ပေးခြင်း အလေ့အထ မရှိပါ။ ပွဲတော်ကို ခံယူကြမည့် ယုံကြည်သူတပည့်တော်များနှင့် တပြေးညီ ပွဲတော်မင်္ဂလာ စားပွဲကိုထား၍ ဆောက်ရွက်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်ရခြင်း အကြောင်းရင်း တစ်ရပ်မှာ သခင်ခရစ်တော် ကိုယ်တိုင် ညစာစားရန် ပြင်သောအခါ တပည့်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူသည်ဟု သမ္မာကျမ်းစာမှ ဖေါ်ပြထားပါသည် (မဿဲ ၂၆း၂၀) တစ်နည်းကား အတူတကွ စားတော်မူခြင်းကို ဖော်ပြထားပါသည်။