❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
သိက္ခာတင်မင်္ဂလာ၊ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်
(က) သိက္ခာတင် မင်္ဂလာသစ္စာ
ချစ်သော လုပ်ဖော်ဆောင်ဘက် ဦး _______ သခင်ယေရှုခရစ်တော် ဘုရားသည် မှန်သောသိုးထိန်းကြီး ဖြစ်ပေသည်။ သိုးတို့အတွက် လမ်းမှန်ကိုပြ၍ အသက်ကိုစွန့်လျက် သိုးတို့ကို အပြစ်မှ ရွေ့နှုတ်သကဲ့သို့ သင်သည်လည်း မှန်သောသိုးထိန်းကိုယ်စား သိုးစုတော်ကို သမ္မာတရား လမ်းတော်သို့ ပို့ဆောင်ပြီး၊ ကိုယ့်အသက်ကိုပင်လျှင် သိုးတို့အဖို့ အလို့ငှာ စွန့်နိုင်သည့်တိုင်အောင် ဆက်ကပ်ရပေမည်။ သင်သည် ခေါ်တော်မူခြင်း ကျေးဇူးတော်ကို ခံယူရသည့် အလျောက်၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံစွာ ဆောင်ရွက်လော့။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ အသင်းတော် သာသနာတွင် အချင်းချင်းတို့၌ မေတ္တာစိတ် တစ်လုံးတစ်ဝတည်း ဖြစ်အံ့သောငှာ ကြိုးစာဆက်ကပ် အားထုတ်လော့။
သင်သည် ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏ အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ သင့်ကိုသင်းအုပ်ဆရာ၊ သာသနာ၏ အမှုတော်ဆောင်ဆရာတို့၌ ဘုရားသခင် ခန့်ထားတော်မူပြီ။ ဤအမှုတော်မြတ်ကို ဆောင်ရွက်ရန်အတွက် ယုံကြည်ခြင်း၌ လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းအရာ၌ လည်းကောင်း၊ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သောလူ၏ အဖြစ်သို့ ရောက်ရှိသည့် တိုင်အောင်လည်းကောင်း ကြိုးစားပြင်ဆင်ရပါမည်။ အကြောင်းမူကား၊ ငါနှင့်တကွ အသင်းတော်သည် သွေးဆောင်လှည့်ဖြားသော သြဝါဒလေတိုက်၍ ဖရိုဖရဲ လွင့်သွားသောသူ မဖြစ်ကြစေဘဲ၊ မေတ္တာစိတ်ကို ရင်ဝယ်ပိုက်၍ သမ္မာတရားကို ဟောပြောသဖြင့် ဦးခေါင်းတည်းဟူသော ခရစ်တော်၌ အရာရာတို့ ကြီးပွားကြမည် အကြောင်းတည်း။