❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯
ပထမပိုင်း
အခန်း (၁) အသင်းတော်
၁။ အနက်အဓိပ္ပါယ်
ဤအသင်းတော်သည် လူသားများ (ခရစ်ယာန်များ) ၏ စိတ်အလိုအရ မှန်သည်ဟု ထင်မှတ်ပြီး ဖွဲ့စည်း ထားသော အဖွဲ့အစည်း မဟုတ်၊ ခရစ်တော်သည် ကားတိုင်တော်ပေါ်တွင် အသေခံ၍ အသွေးတော်ဖြင့် ဝယ်ယူ တည်ထောင်ထားသော အသင်းတော် ဖြစ်သည်။ (တမန် ၂၀း၂၈၊ ၁ ကော ၆း၁၉-၂၀) အသင်းတော်သည် ခရစ်တော်၏ ကိုယ်ဖြစ်သည်။ (ဧဖက် ၁း၂၂-၂၃၊ ရောမ ၁၂း၎-၅) ခရစ်တော်သည် ၎င်းအသင်းတော်၏ ဦးခေါင်း (ကော ၁း၁၈) ဖြစ်သည်။ ၎င်းအသင်းတော်သည် ထာဝရ ဘုရားသခင်၏ အိမ်တော်၊ သမ္မာတရား၏ အမှီသဟဲ တည်ရာ (၁ တိ ၃း၁၅) သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ရာ(၁ ကော ၃း၁၆-၁၇) ကောင်းကင်ဘုံနှင့် ဆက်ဆံသော ဌာန (ဖိလိပ္ပိ ၃း၂၀) ဝမ်းမြောက်ဖွယ်ရာ သတင်းကို ကြေငြာရာဌာန၊ (၁ သက် ၁း၈) ရွှေမီးခွက်၊ (ဗျာဒိတ် ၁း၂၀)၊ ခရစ်တော်၏ မင်္ဂလာ သတို့သမီး (၂ ကော ၁၁း၂၊ ယော ၃း၂၉၊ ဗျာ ၂၁း၂) ဖြစ်ပါသည်။
ခရစ်တော်၌ အသစ်တဖန် မွေးဖွားခြင်းခံရပြီး ထိုအသင်းတော်တွင် ပါဝင်နေသူ မျာကို ရွေးချယ် ခံရသော အမျိုး၊ မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ် အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော် မူသော အပေါင်းအသင်း (၁ ပေ ၂း၉) ဟုခေါ်ဝေါ် သမုတ်ထားသည်။ သူတို့သည် မိမိတို့၏ ကောင်းမြတ်သော အကျင့်ကြောင့် မဟုတ်ဘဲ၊ ယုံကြည်ခြင်း အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ (ဧဖက် ၂း၈) သူတို့က ရွေးချယ်သည် မဟုတ် ဘုရားသခင်က သူတို့အား ရွေးချယ်ခြင်း ဖြစ်ပါသည်။ (ယော ၁၅း၁၆) အသစ်တဖန် မွေးဖွားခြင်း ခံရ၍ ထိုအသင်းတော်သို့ဝင်ရောက်လာသူ များသည် ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ အားလုံးသည် ခရစ်ယာန်များ ဖြစ်ကြ၏။ ထိုသခင်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။ (ဂလာတိ ၃း၂၇-၂၉)
❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯