❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၂။ ပွဲတော်မင်္ဂလာဝတ်
နှစ်ခြင်းတို့၏ အခြေခံ ယုံကြည်ချက်တွင် ပွဲတော်စီရင်ခြင်းသည် ဓမ္မဝတ် တစ်ခုဖြစ်ပါသည်။ စီရင်သည့် အခါတွင်လည်း သခင်ခရစ်တော် စီရင်သည့်အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပွဲတော်ကို စီရင်ခြင်းသည် အသင်းတော်မှ ကမကထ ပြုလုပ် စီရင်သော ဓမ္မဝတ် မဟုတ်သည်ကို သတိပြုရန် ဖြစ်သည်။ ပွဲတော်မင်္ဂလာသည် သခင်ခရစ်တော်၏ ပုံတော်ဖြစ်သည်။ ကိုယ်တော်ရှင် ကိုယ်တိုင် စီရင်ခဲ့သော မင်္ဂလာဝတ် ဖြစ်သည်။ ပွဲတော်မင်္ဂလာ စီရင်သည့် သခင်ခရစ်တော် ကိုယ်တိုင် ရှိနေသည်ကို ယုံကြည်ထားသဖြင့် ပွဲတော်မင်္ဂလာကို သိက္ခာရ ဓမ္မဆရာ၊ ဆရာမများသာ စီရင်ပိုင်ခွင့်ရှိပါသည်။ ပွဲတော်အား ခေါ်ဝေါ်သော အသုံးအနှုံး မှန်သော်လည်း ပြည့်စုံသော အခေါ်အဝေါ်သည် ပွဲတော်မင်္ဂလာဝတ် ဖြစ်ပါသည်။
က။ စီရင်ခွင့်ရှိသူ
ပွဲတော်မင်္ဂလာဝတ်သည် သခင်ယေရှု ကိုယ်တော်တိုင် စီရင်တော်မူသော မင်္ဂလာဝတ်ဖြစ်၍ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၌ စီရင်ခွင့်မရှိပါ။ အသင်းတော် တစ်ရပ်လုံး/တပည့်တော်စု၏ အခွင့်ဖြင့် စီရင်ရသော မင်္ဂလာဝတ်ဖြစ်ပါသည်။
ခ။ စီရင်သူ
ယင်းသို့ စီရင်ရာတွင် နှစ်ခြင်းအသင်းတော်များ အနေဖြင့် အသင်းတော်ရေး၊ သာသနာရေးအတွက် သီးသန့် ဆက်ကပ်တင်မြှောက်ထားသော သိက္ခာတော်ရ ဓမ္မ အမှုတော်ဆောင်အား စီရင်ခွင့်ရှိပါသည်။
ဂ။ ခံယူခွင့်ရှိသူ
သခင်ဘုရား စီရင်တော်မူသော မင်္ဂလာဝတ် ဖြစ်သောကြောင့် ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူပြီးသူတိုင်း ခံယူခွင့်ရှိပါသည်။ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းရှိမှု ခရစ်ယာန်များ၏ ညီညွတ်မှုတို့ကို ဖော်ဆောင်ထားသော အားဖြင့်လည်းကောင်း၊ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုသည့် အနေဖြင့် လည်းကောင်း၊ အခြားဂိုဏ်းဝင် တပည့်တော်တို့အား ပါဝင်ခွင့် ပြုသည်သာမက ကိုယ်တိုင်လည်း အခြားအသင်းတော်တို့၌ စီရင်သော သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝတ်ကို ခံယူသင့်ပါသည်။