« Prev အမှာစာ ၁ ၂ အခန်းကြီး ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၃
၃း၁-၅
အချို့သော သူများသည် အပြစ် သို့မဟုတ် ယုံကြည်ခြင်း အားနည်းမှုကြောင့်၊ အခက်အခဲနှင့် ကြုံရသည်ဟု ထင်မှတ်တတ်ကြ၏။ တခါတရံ ဘုရားသခင် ကိုယ်တော်တိုင် စုံစမ်းသွေးဆောင်မှု ပြုကြည့်တတ်ပါသည်။ ပြဿနာနှင့် ညှဉ်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို ခံရခြင်းဖြင့် လူ့အသက်တာ သာ၍ ရင့်ကျက်လာမှုလည်း ရှိတတ်ပါသည်။ ရှင်ယာကုပ်သြဝါဒစာ ၁း၂-၃ တွင် “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသည့် အရာသည် သည်းခံခြင်းကို ပွားများစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောက်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျဉ်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည့်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။“ ဆိုလိုသည်မှာ စုံစမ်းခြင်းသည် သည်းခံခြင်းကို ပွားများစေသည်။ ရောမ ၅း၃ တွင်လည်း “ဒုက္ခဆင်းရဲ ခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏ ဟူ၍၎င်း၊ ၂ ကော ၁း၇ တွင် သည်းခံခြင်းသည် သက်သာခြင်းနှင့် ကယ်တင်ခြင်းကို ပြည့်စုံစေသည် ဟူ၍၎င်း ဖေါ်ပြထား၏။ သည်းခံခွင့်လွှတ်ခြင်းကို မှန်ကန်စွာ အသုံးချတတ်လျှင် အောင်မြင်သော ခရစ်ယာန် အသက်တာသို့ သင့်ကို တွန်းပို့မည်သာဖြစ်၏။
စာတန်မာရ်နတ် တည်းဟူသော စုံစမ်းဖျက်ဆီး တတ်သူကိုကား သတိပြုရမည်။ စာတန်သည် လူတို့၏ ဝိညာဉ်ကို ဒုစရိုက်အပြစ်၌ သေစေနိုင်၏ (ဧဖက် ၂း၂)။ စာတန်သည် ပရိယာယ်ကြွယ်ဝ၏ (ဧဖက် ၆း၁၁)။ စာတန်သည်လူကို ဆူးကဲ့သို့ စူးစေခြင်းဖြင့် ဒဏ်ခတ်တတ်၏ (၂ ကော ၁၂း၇)။ စာတန်သည် ယေရှုကိုပင် စုံစမ်းသွေးဆောင်၏ (မဿဲ ၄း၁-၁၁)။ သို့သော် စာတန်ကို ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူပြီး ပြန်လည် ရှင်ပြန်ထမြောက်သော အခါ၌ အောင်ပွဲခံခဲ့ပြီး၏။ ထိုသို့အားဖြင့် ကျွန်ုပ်တို့အား အသစ်သော အသက်တာကို ပေးခဲ့၏။ စာတန်ကို ထာဝရဖျက်ဆီးရန် ဘုရားသခင် သတ်မှတ်ထားသော အချိန်ရှိပါ၏။ ”လူတို့ကို လှည့်ဖျားသော စာတန်မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောသော မီးအုပ်ထဲသို့ ချပစ်လျှင် သူတို့သည် နေ့ညမပြတ်၊ ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတံ္တ့ (ဗျာဒိတ် ၂၀း၁၀)။