❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
က။ သိက္ခာတင်မင်္ဂလာ
(၁) နိဒါန်း
သခင်ယေရှုကိုယ်တိုင် စီရင်ထုံးဖွဲ့တော်မူသော အသင်းတော်၏ မင်္ဂလာဝတ်များမှာ နှစ်ခြင်းမင်္ဂလာဝတ်နှင့် ပွဲတော်မင်္ဂလာဝတ် နှစ်ပါးတည်းသာဖြစ်ပါသည်။ သို့ရာတွင် နှစ်ခြင်းအသင်းတော်များ၌ သာသနာ ဝန်ထမ်းတို့အား သီးသန့်ဆက်ကပ်သည့် အနေနှင့် သိက္ခာတင် ဆုတောင်းပေးသည့် အခမ်းအနားကို ကျင့်သုံးကြ၍ သိက္ခာတင်မင်္ဂလာ ပေးခြင်း (သို့မဟုတ်) သိက္ခာတင် မင်္ဂလာစည်းဝေးဟု ခေါ်ဝေါ်ကြသည်။
သိက္ခာတင်မင်္ဂလာ၏ အနက်အဓိပ္ဗာယ်ကို သိရှိရန် Ordain နှင့် Laying on of Hands ဟူသော အင်္ဂလိပ်စကားများကို ဆန်းစစ်ရန်လိုပေသည်။ Ordain (Ordination) ဟူသော စကားကို သာမန်အားဖြင့် သိက္ခာပေးခြင်းဟု နားလည်ရသော်လည်း ရွေးကောက်ခြင်း၊ ခန့်ထားခြင်းဟူသော အဓိပ္ဗာယ်ရှိကြောင်း တွေ့ရပေသည်။
ထို့ပြင် သာသနာ ဝန်ထမ်းများအား သီးသန့် သတ်မှတ်သည့် သာသနာပြု လုပ်ငန်းအတွက် ရွေးကောက်ခန့်ထား စေလွှတ်ရာတွင်လည်း လက်တင်ပေးကြောင်း သိရပေသည်။ ဥပမာ ဗာနဗနှင့် ပေါလု (တ ၁၃း၂-၃၊ ၂တိ ၁း၆၊ တ ၆း၅-၆၊ ၁တိ ၂း၇၊ လု ၁၀း၁)
ထို့ကြောင့် သာသနာလုပ်ငန်း တစ်ခုခုအတွက် ရွေးကောက် တင်မြှောက်ခြင်း၊ ခန့်ထားခြင်း ခံရသူ ပုဂ္ဂိုလ်အား လူပရိသတ်ရှေ့တွင် အသိအမှတ် ဖြစ်စေရန် စီစဉ်ရာ၌ သိက္ခာတင် ဆုတောင်းပေးခြင်း အမှုကို နှစ်ခြင်းအသင်းတော်များက ကျင့်သုံးကြပါသည်။
အသင်းတော် တစ်ပါးသည် လွတ်လပ်၍ အခွင့်အာဏာနှင့် ပြည့်စုံသည့်အားလျော်စွာ မိမိ၏ သာသနာဝန်ထမ်းကို ခန့်ထား သိက္ခာတင်ပေးပိုင်ခွင့် ရှိသည်မှန်သော်လည်း၊ အခြားအသင်းတော်များနှင့် မိဿဟာယဖွဲ့လျက် ဆက်သွယ်နေသည်ဖြစ်၍ အတူပေါင်းစည်း လုပ်ဆောင်ခြင်းသည် လျော်ကန်သင့်မြတ်လှပေသည်။