❮ Prev . . . အခန်းကြီး ၃ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၃

၃း၂၁-၂၉ ကျွန်ုပ်တို့၏ အပြစ်နှင့် ပြည့်ဝမှု၊ ဘုရားရှင်၏ စီရင်ချက်၊ စသော မကောင်းသည့် သတင်းကို ပေါလုသည် ဖော်ပြပြီးနောက်တွင် လွန်စွာ ဝမ်းမြောက်ဖွယ်ရာ ကောင်းသော သတင်းကောင်းကို ဆက်လက်ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် အပြစ်မရှိပါဟု ကြော်ငြာနိုင်သော နည်းလမ်းတစ်ခုရှိသည်။ ယင်းမှာ ခရစ်တော်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကို ယူဆောင် သွားသည်ဟု ယုံကြည်စိတ်ချမှု ရှိခြင်းဖြစ်သည်။ ယုံကြည်စိတ်ချခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ရန်၊ ဘုရားရှင်နှင့် ကျွန်ုပ်တို့ မှန်ကန်မှုရှိရန်၊ ဘုရားရှင် သင်ပြခဲ့သည့် အတိုင်း အသက်ရှင်နိုင်အောင် တန်းခိုးကိုပေးရန် ခရစ်တော်၌ ယုံကြည် အားကိုးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နောက်ကြောင်း ရာဇဝင် အပြုအမူ များအပေါ် မမူတည်ဘဲ၊ ဘုရားရှင်၏ ဖြေရှင်းပေးမှုကို မည်သည့် အခြေအနေမျိုး၌ မဆို ရယူနိုင်သည်။

၃း၂၃ အချို့သော အပြစ်များသည် အခြားအပြစ်များထက်ပို၍ ကြီးမား သကဲ့သို့ ရှိသည်။ အဘယ်ကြောင့် ဆိုသော် အချို့အပြစ်များ၏ အကျိုးဆက်သည် လွန်စွာကြီးမား သောကြောင့် ဖြစ်သည်။ ဥပမာ- လူသတ်မှုသည် မုန်းတီးမှုထက်လည်းကောင်း၊ သူတစ်ပါးအား ပြစ်မှားခြင်းသည် ပြစ်မှားလိုစိတ် ဖြစ်ပေါ်ခြင်းထက် လည်းကောင်း၊ ပို၍ဆိုးရွားသကဲ့သို့ရှိသည်။ သို့သော် ကျွန်ုပ်တို့သည် သေးငယ်သော အပြစ်များကိုသာ ပြုသောကြောင့် ထာဝရအသက်ကို ရရှိလိုက်သည်ဟု အဓိပ္ပါယ် မဆောင်ပါ။ မည်သည့် အပြစ်မဆို ကျွန်ုပ်တိုးအား အပြစ်သား ဖြစ်စေလျက် သန့်ရှင်းသော ဘုရားရှင်နှင့် ကျွန်ုပ်တို့ကို ကွာဝေးစေသည်။ ထို့ကြောင့် မည်သည့်အပြစ်မဆို သေးငယ်သည်ဖြစ်စေ၊ ကြီးသည်ြဖစ်စေ၊ သေခြင်းသို့ ပို့ဆောင်ပေးသည်။ (အဘယ်ကြောင့်ဆိုသော် အပြစ်သည် ကျွန်ုပ်တို့အား ဘုရားရှင်နှင့်အတူ မနေထိုင်နိုင်အောင် နှိမ့်ချမှုကိုဖြစ်စေသည်။) အပြစ်ကို သေးငယ်သော အပြစ်၊ ကြီးမားသော အပြစ်ဟူ၍ မခွဲခြားပါနှင့်၊ အပြစ်အားလုံး တို့သည် ဘုရားရှင်နှင့် ကျွန်ုပ်တို့အား ဝေးကွာစေသည်။ သို့သော်မည်သည့် အပြစ်အတွက်မဆို ခွင့်လွှတ်မှုကို ရယူနိုင်သည်။

၃း၂၄ ဖြောင့်မတ်ရာသို့ ရောက်ရခြင်း၏ အဓိပ္ပါယ်မှာ အပြစ်မရှိဟူ၍ ကြေငြာခြင်းဖြစ်သည်။ တရားသူကြီးမှ တရားခံ၌ အပြစ်မရှိဟူ၍ ကြေငြာသောအခါတွင် တရားခံအပေါ် စွပ်စွဲချက် မှတ်တမ်းအားလုံးတို့သည် ပပျောက် သွားသည်။ တရားဥပဒေအရ ထိုသူသည် မည်သည့် အခါကမျှ တရားစွဲခြင်း မခံရ သကဲ့သို့ဖြစ်သွားသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်သောအခါ၌ ကျွန်ုပ်တို့၏ အပြစ်မှတ်တမ်း အားလုံး တို့သည်လည်း ပပျောက် သွားသည်။ ဘုရားရှင်၏ အမြင်တွင် ကျွန်ုပ်တို့သည် မည်သည့်အခါကမျှ အပြစ်မလုပ်ခဲ့ သကဲ့သို့ရှိသည်။

၃း၂၄ ‘ရွေးနှုတ်ခြင်း’ သည် ဘုရားရှင်မှ အပြစ်သားများကို အပြစ်၏ ကျေးကျွန်ဘဝမှ လွတ်မြောက် စေခြင်းအား ရည်ညွှန်းသည်။ ဓမ္မဟောင်း အချိန်ကာလတွင် လူတစ်ဦးသည် အကြွေးရှိနေလျှင် ထိုသူအား အကြွေးရှင်သည် ကျွန်အဖြစ် ရောင်းစား လေ့ရှိသည်။ ထိုသူလွတ်မြောက် နိုင်သော နည်းလမ်းမှာ ထိုသူနှင့်နီးစပ်သူမှ ထိုသူအား ပြန်လည်ဝယ်ယူခြင်း ဖြစ်သည်။ ခရစ်တော်သည်လည်း သူ၏အသက်ကိုပေး၍ ကျွန်ုပ်တို့အား ပြန်လည်ဝယ်ယူ ခြင်းဖြင့် ကျွန်ုပ်တို့သည် လွတ်လပ်သောသူ အဖြစ်သို့ရောက်ရသည်။

Continue… » »


❮ Prev . . . အခန်းကြီး ၃ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.