ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၃
နိဒါန်း Introduction
လူသည်မုန့်အားဖြင့်သာ အသက်မရှင်
ကမ္ဘာကြီး၌ လူဦးရေ ၁/၃ သည် အစာဝအောင် မစားရဘဲ ငတ်လျှက်နှင့် အိပ်ယာဝင်ကြရ၏။ ထိုအထဲတွင် အများမှာငတ်ပြီး သေကြရ၏။ သို့သော်ပို၍ ဆိုးသည်မှာ ကျွန်ုပ်တို့ကိုယ်တိုင် ဝိညာဉ်အဟာရ ချို့တဲ့ပြီး ဘဝဆုံးရလျှင် ပို၍ဝမ်းနည်းဖွယ် ကောင်းလေစွ။ နှစ်ထောင်ပေါင်း များစွာကတည်းက ရေးသားခဲ့သော သမ္မာကျမ်းသည် ယနေ့တိုင် မှန်ကန်လျက်ပင် ရှိနေသေးသည်။ “လူသည် မုန့်အားဖြင့်သာ အသက်မရှင်၊ ဘုရားသခင်၏ နှုတ်တော်မှ ထွက်သမျှ စကားတော်အားဖြင့် အသက်ရှင်ရမည်။” (မ ၄း၎)
လူ၏ဆာငတ်သော စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကသာ ကျေနပ်မှုပေးနိုင်ကြောင်း လူသည်သိမြင်လာသောကြောင့် တနေ့ထက်တနေ့ လူပေါင်းများစွာတို့မှာ သမ္မာကျမ်းကို ဂရုတစိုက် လေ့လာနေကြပြီ။ ခရစ်ယာန်ဖြစ်စများသာမက ခရစ်တော်ကို နှစ်ပေါင်းအတော်ကြာ သိကျွမ်းလက်ခံခဲ့သော ခရစ်ယာန်များ၏ ဝိညာဉ်ကျန်းမာသန်စွမ်းမှုနှင့် ကြီးထွားမှုအတွက် ဤဝိညာဉ်အစာဖြစ်သည့် နှုတ်ထွက်စကားတော်ကို လိုအပ်သည်။
“ခရစ်ယာန် အသက်ရှင်မှုကို လေ့လာခြင်း” စာအုပ်များသည် သင့် တသက်တာအတွက် အကျိုးအရှိဆုံး အကောင်းဆုံး မစကူညီမှုများ ပေးနိုင်ရန် အထူးဂရုတစိုက် ပြုစုပြင်ဆင်ထားသော စာအုပ်ငယ်များ ဖြစ်ပါသည်။ သင်ခန်းစာများကို ပြင်ဆင်ထားရာဝယ်—
- ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ကိုယ်တိုင်လေ့လာတတ်ရန်
- တင်းပြည့်ကျပ်ပြည့် ခရစ်ယာန်တစ်ယောက်၌ လိုအပ်သော အကျင့်သီလကို လေ့လာလိုက်လျှောက်နိုင်ရန်
- စနစ်တကျ ကျမ်းစာလေ့လာသည့် အစီအစဉ်၌ တိုးတက်ကြီးထွားလာပြီး၊ ကိုယ်တိုင်ဆက်လက် လေ့လာတတ်သည့်အထိ စီစဉ်ထားပါသည်။