« « မာတိကာ Table of Contents
ဧဝံဂေလိလမ်းညွှန် Evangelism Guide
ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)
သင်တန်းမှတ်စု
နိဒါန်း Introduction
ယုံကြည်ချက်နှင့်အခြေခံမှုများ
အပြည်ပြည်ဆိုင်ရာ ဧဝံဂေလိပြန့်ပွားရေး ယုံကြည် ချက်နှင့် အခြေခံမှုများသည် ကျယ်ပြန့်သော ဧဝံဂေလိ ခံယူချက်နှင့် ပတ်သက်သည့် ကြေငြာချက် တစ်ခု ဖြစ်သည်။ ယင်းသည် ဧဝံဂေလိပြန့်ပွားရေး ဖတ်စာအုပ်ပါ သတင်းကောင်း တင်ပြချက်နှင့်၎င်း၊ အမှုတော် လုပ်ငန်းတိုးတက်မှု အတွက် အရေးကြီးသော ခံယူချက် ယူဆချက်များနှင့်၎င်း၊ ညီညွတ် ကိုက်ညီမှု ရှိကြောင်း တွေ့ရှိ ရပါသည်။ အောင်လက်မှတ် ရရှိလိုသော သင်တန်းသားများသည် ဤကျယ်ပြန့်သော ယုံကြည်ချက်များနှင့် အနဲဆုံးတူညီသည့် သဘောထား များရှိရန် လိုအပ်ပါသည်။ ဤဖော်ပြချက်သည် အသင်းတော် ဂိုဏ်းဂဏ္ဍများ၏ ကွဲပြားခြားနားသော အယူအဆများကို ပယ်ဖျက်ရန် ကြိုးပမ်းမှု တစ်ရပ် မဟုတ်ပေ။ ဂိုဏ်းဂဏ္ဍ ယုံကြည်ချက်၊ ခံယူချက် အမျိုးမျိုး ရှိကြသည်။ ဧဝံဂေလိ ခံယူချက် ရှိကြသော ယုံကြည်သူများ အနေဖြင့် ကျမ်းစာ၏ ရိုးရှင်းသော သမ္မာတရား၌၎င်း၊ သတင်းကောင်းကို ထုတ်ဖေါ်ကြေငြာခြင်း၌၎င်း တညီတညွတ်တည်း ရှိလာမည့် နည်းလမ်းကို တင်ပြခြင်းသာ ဖြစ်ပါသည်။
- ၁။ သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသော၊ မမှားယွင်းနိုင်သော အခွင့်အာဏာနှင့် ပြည့်စုံသည့် တစ်ခုတည်းသော ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။
- ၂။ ဘုရားသခင် တဆူတည်း ရှိပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂ္ဂိုလ်သုံးပါး အနေနှင့်ထာဝရ တည်ရှိတော် မူသည်။
- ၃။ ကျွန်ုပ်တို့၏ သခင်ယေရှု ခရစ်သည် ပုဂ္ဂ္ဂိုလ် အားဖြင့် ဘုရားလည်း ဖြစ်သည်။ လူလည်းဖြစ်သည်။ အပျိုကညာ မှဖွားမြင်ခြင်းခံခဲ့ပြီး လူ့လောက၌ အပြစ်ကင်းစွာ အသက်ရှင် ခဲ့သည်။ နိမိတ် လက္ခဏာများကို ပြသခဲ့သည်။ ကိုယ်တော်သည် အသွေးသွန်း ခြင်းနှင့် အသေခံခြင်းအားဖြင့် လူတို့၏ အပြစ်ကို ဆေးကြောသန့်စင် စေခဲ့သည်။ ထို့နောက် သေခြင်းမှ ကိုယ်ခန္ဓာအားဖြင့် ထမြောက်ခဲ့ပြီး၊ အဖ ခမည်းတော်၏ လက်ယာတော်ဘက်တွင် ထိုင်ရန် တက်ကြွတော်မူ ခဲ့သည်။ ကိုယ်တော်သည် ဘုန်းတော်နှင့် တန်းခိုးတော်ကို ဆောင်၍ ကိုယ်တိုင် ပြန်ကြွလာတော် မူမည်။
- ၄။ အပြစ်ရှိပြီး ပျောက်ဆုံးနေသော လူများ ကယ်တင်ခြင်း ရရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ် ပြုပြင်ခြင်းသည် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။
- ၅။ ယေရှုခရစ် တစ်ပါးတည်းကိုသာ မိမိအား ကယ်တင်သော အရှင်အဖြစ် ကိုးစား ယုံကြည် ခြင်းဖြင့် ထာဝရ အသက်ကို လက်ခံရရှိသည်။
- ၆။ သန့်ရှင်းသော ဝိညာဉ်တော်သည် စစ်မှန်စွာ ယုံကြည်သူ အားလုံး၌ ဝင်ရောက်ကိန်းဝပ်လျက်၊ ယင်းတို့အား ဘုရားသခင်၏ အလိုတော်နှင့် အညီ အသက်ရှင် စေရန် မစသည်။
- ၇။ ကယ်တင်ခြင်း ခံရသူနှင့် ဆုံးရှုံးခြင်းခံရသူ နှစ်မျိုး စလုံးသည် သေခြင်းမှ ထမြောက်ကြမည် ဖြစ်သည်။ ကယ်တင်ခြင်း ခံရသူသည် အသက်ရှင်ခြင်းနှင့် ဆိုင်သည့် ထမြောက်ခြင်းသို့၎င်း၊ ဆုံးရှုံးခြင်းသို့ ရောက်သူသည် အပြစ်စီရင်ခြင်းနှင့် ဆိုင်သည့် ထမြောက်ခြင်းသို့၎င်း၊ ထမြောက်ကြမည် ဖြစ်သည်။
- ၈။ စစ်မှန်သော ယုံကြည်သူ အားလုံးသည် သခင်ယေရှုခရစ်၌ ဝိညာဉ်ရေးရာ တလုံးတဝတည်း (Spiritual Unity) ရှိသည်။
- ၉။ ဒေသန္တရ အသင်းတော်သည် ကမ္ဘာတစ်ဝှမ်းတွင် ဧဝံဂေလိ လှုပ်ရှား ဆောင်ရွက်မှုများကို စီမံ ဆောင်ရွက်သော ဘုရားသခင် ကိုယ်တော်တိုင်သည် တည်ထောင်ထားသည့် အခြေခံ ပင်မ စခန်း ဖြစ်သည်။
- ၁၀။ စစ်မှန်သော ယုံကြည်သူ အယောက်တိုင်းသည် ဝေနယျသတ္တဝါ (ဖန်ဆင်းခြင်းခံရသောသူ) အပေါင်းတို့အား ဧဝံဂေလိ တရားကို ဟောကြားရန်နှင့် လူမျိုးအပေါင်းတို့အား၊ တပည့်တော် ဖြစ်လာစေရန် ခရစ်တော်က တာဝန်ပေးအပ်ထားခြင်း ခံရသူများ ဖြစ်သည်။
- ၁၁။ အတွေ့အကြုံ ရှိသော သက်သေခံ ဝေငှသူများ သတင်းဝေငှနိုင်ရန် အကောင်းဆုံး နည်လမ်းမှာ အတွေ့အကြုံရှိသော သက်သေခံများ ဦးဆောင်သည့် လက်တွေ့ကွင်းဆင်း သက်သေခံခြင်း (On-the-job training) ပါဝင်သော တပည့်တော်အဖြစ် အဖွဲ့တွင် ပါဝင် လေ့ကျင့်ဆောင်ရွက် စေခြင်း ဖြစ်သည်။ ယင်းသို့ ပါဝင် ဆောင်ရွက်ခြင်းက သတင်းကောင်း ဝေငှခြင်းကို အကောင်းဆုံး တတ်ကျွမ်းစေသည်။
သင်တန်းအတွက်အကြံပြုချက်များ
သခင်ယေရှုခရစ်တော် အတွက် ထပ်ဆင့် မွေးဖွား ထုတ်လုပ်သည့် သက်သေခံသူ တစ်ဦး ဖြစ်လိုသော သင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်း ပြည့်ဝစေရန်အတွက် သင့်အားစနစ်ကျသော သင်တန်းပုံစံ ဝင်နိုင်စေရန် အစွမ်းကုန်ကြိုးစား လုပ်ဆောင်မှုမရှိပါက ထိရောက်အောင်မြင် နိုင်မည် မဟုတ်ပေ။ မိမိတို့ ကိုယ်တိုင်သွန်သင် မှုကို ခံယူရန်နှင့် သူတစ်ပါးကို သွန်သင်ရန် အားပေး တိုက်တွန်းနေသူ ရှင်ပေါလုက ကျွန်ုပ်တို့အား လေ့လာ သင်ယူရာတွင် ဇွဲလုံ့လဖြင့် ကြိုးစား အားထုတ်ရန် တိုက်တွန်း ထားပြန် ပါသည်။ (၂ တိမောသေ ၂း၁၅) ကျွန်ုပ်တို့ အနေဖြင့် ဤကမ္ဘာ လောကကြီးကို ခရစ်တော် အတွက် ထိရောက်စွာ အကျိုးပြုသော သူများ ဖြစ်လိုပါက မိမိတို့ ကိုယ်တိုင် လုံ့လဝီရိယ စိုက်ထုတ်ပြီး ကြိုးစား လုပ်ဆောင် ရမည်ဖြစ်သည်။ ထိရောက်အောင်မြင်သော လေ့ကျင့် တပ်ဆင်မှုကို ရရှိအောင် အထောက်အကူ ပြုမည့် သင်လုပ်ဆောင်နိုင်သော အရာများကို အောက်တွင်ဖော်ပြ ထားပါသည်။
နေ့စဉ်ဆုတောင်းခြင်း
ဘုရားသခင် ဖြစ်စေလိုသော သက်သေခံသူ တစ်ဦး ဖြစ်ရန်၎င်း၊ သန့်ရှင်းသော တန်ဆာပလာ ဖြစ်ရန်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝရန်၎င်း၊ ပျောက်ဆုံးသော ဝိညာဉ်များအား သနားဂရုဏာ ထားသည့် စိတ်ထား ရှိရန်၎င်း၊ မိမိအား မစ ဆောင်ရွက် ပေးရန် နေ့စဉ် ဆုတောင်းခြင်းဖြင့် အစပြုပါ။ မိမိ ဆုတောင်းဖေါ်များနှင့် မှန်မှန် ဆုတောင်းပါ။ ယေရှုခရစ်၏ ချစ်ခြင်းမေတ္တာ သတင်းကောင်းကို သက်သေခံ ဝေငှရမည့် အခြားသူများထံသို့ ပို့ဆောင် ပေးရန် ဘုရားသခင်ထံ ဆုတောင်းပါ။ ဤသင်တန်းကို အောင်မြင် ပြီးမြောက်ရန်နှင့် အခြားသူများကို စတင်သင်ကြား လေ့ကျင့်နိုင်ရန် လိုအပ်သော နည်းစနစ်များ ရရှိရန်၎င်း၊ ဂရုတစိုက် ဇွဲလုံ့လဖြင့် အစဉ်တစိုက် စိတ်ရှည်စွာ သင်ယူလေ့ကျင့် နိုင်ရန်၎င်း၊ မစ ဖို့ရန် ဘုရားသခင်ထံ ဆုတောင်းပါ။
»» View in PDF

Scroll to Top ▲