« « မာတိကာ Table of Contents
 

ဧဝံဂေလိလမ်းညွှန် Evangelism Guide

 

ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)

သင်တန်းမှတ်စု
 

နိဒါန်း Introduction

ဘုရားသခင်သည် သင့်အား သက်သေခံသူ ဖြစ်စေမည်ဟူသော ကတိတော်ကို ပြည့်စုံစေမည် ဖြစ်ကြောင်း မျှော်လင့်နေပါ

သခင်ယေရှုခရစ်က ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးအားဖြင့် သူ၏ သက်သေခံများ ဖြစ်ကြမည်ဟု မိန့်ကြားခဲ့သည်။ သင့်အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုး လှုပ်ရှားဆောင်ရွက်မှုဖြင့် ထိုအရာကို မဖြစ်မနေ ကိုယ်တော်က လုပ်ဆောင် ပေးမည်ဖြစ်သည်။ ထိုသို့ ဖြစ်မြောက် အကောင်အထည် ဖော်ခြင်းကို တွေ့မြင် ရအောင် သင်ချမှတ်ထားသည့် ဆုံးဖြတ်ချက် သန္ဓိဋ္ဌာန်အပေါ်၌ မလျော့သောဇွဲဖြင့် ခိုင်မြဲစွာ ရပ်တည်ရပါမည်။
 
ယာကုပ်၏ ကောင်းကင်တမန်နှင့် လုံးထွေးခြင်း၊ ပေါလု၏ အခက်အခဲ စုံစမ်းနှောင့်ယှက် မှုများနှင့် ကြုံတွေ့ရခြင်း၊ ယေရှုခရစ်၏ ဥယျာဉ်ထဲ၌ ဆုတောင်းခြင်းတို့၌ ဘုရားသခင်သည် ကတိတော်အတိုင်း ပြည့်စုံစေမည် အကြောင်း အားလုံးက ယုံကြည်ခဲ့ကြသည်။ သင်သည် သစ္စာရှိစွာဖြင့် ဆုတောင်းပြီး ယေရှုခရစ်၏ ဧဝံဂေလိ သတင်းကောင်းကို အခြားသူများအား ဟောပြော သည်နှင့်အမျှ သင့်အပေါ်၌လည်း ဘုရားသခင်သည် ကတိတော်ကို ပြည့်စုံစေမည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချ နိုင်ပါသည်။ သစ္စာရှိခြင်းသည် အသီးများစွာ သီးသော အကျိုးဖြစ်ထွန်း ခြင်းကို ဖြစ်ပွါးစေပါသည်။

 

အသက်ရှင်ပုံ တစ်ရပ်ဖြင့် သက်သေခံခြင်းကို တိုးတက်ဖွံ့ဖြိုး လာစေရန် အာရုံစူးစိုက် လုပ်ဆောင်ပါ။

သင်၏ ဧဝံဂေလိ အမှုတော် လုပ်ငန်းကို အပါတ်စဉ် ကွင်းဆင်း သင်တန်း၌သာ လုပ်ဆောင်ရန် မဟုတ်ပေ။ သင်သက်သေ ခံခြင်းသည် သင့်ဘဝ အသက်တာ တစ်ခုလုံးအတွက် ဖြစ်၏။ အလွန်ကျယ်ပြန့်သော အမှုတော်ဖြစ်သည်။ သင့်ယုံကြည်ခြင်းကို ဝေငှသက်သေခံသည့် အရည်အသွေး တိုးတက်မြင့်မား လာသည်နှင့်အမျှ သင့်မိတ်ဆွေ သူငယ်ချင်းများ၊ ဆွေမျိုးများ၊ လုပ်ဖေါ်ဆောင်ဖက်များ၊ အိမ်နီးချင်းများနှင့် ဆက်ဆံရေးကိုလည်း ပို၍လေးနက်အောင် အာရုံစူးစိုက် လုပ်ဆောင်ရပါမည်။ မိမိနေ့စဉ် အသက်တာတွင် ဖေါ်ပြပါ ပုဂ္ဂိုလ်များနှင့်၎င်း၊ အခြားသူများနှင့်၎င်း၊ သတင်းကောင်း ဝေငှနိုင်မည့် အခွင့်အရေး ရရှိအောင် နေ့စဉ်အဆင်သင့် နိုးကြားစွာဖြင့် ရှိနေရပါမည်။

 

သင်တန်း၏ ရည်ရွယ်ချက်ပန်းတိုင်ကို အစဉ်သတိရ နေပါ

အသက်ရှင်ပုံ တရပ်ဖြင့် သက်သေခံရန်၎င်း၊ အခြားသူများကို မိမိကဲ့သို့အလား အတူ လုပ်ဆောင်နိုင်အောင် လေ့ကျင့်သင်ကြား ပေးရန်၎င်း၊ သင်သည် လေ့ကျင့် တပ်ဆင်ပေးခြင်း ခံရခြင်းဖြစ်ကြောင်း အစဉ် သတိရနေပါ။ ထိုသို့ ရည်မှန်းချက် ပန်းတိုင် ထားခြင်းဖြင့် နောင်တွင် သင်တန်းသားဖြစ်ရန် အလားအလာရှိသောသူ တစ်ဦးခြင်းထံသို့ သခင်ယေရှုသည် သင့်အား ဦးဆောင် ပေးသွားမည် ဖြစ်သည်။ ထိုအချိန်အခါ မျိုးတွင် သင်သည် ယင်းသက်သေခံရန် အခွင့်အရေးကို ပို၍တွေ့မြင် လာနိုင်ကြောင်းနှင့် ကောင်းစွာ တုံ့ပြန်လုပ်ဆောင် တတ်သူတစ်ဦး ဖြစ်လာကြောင်း မိမိကိုယ်ကို တွေ့ရှိ လာရပါမည်။

 

ဤသင်တန်း အပေါ် ဆီလျှော်မှန်ကန်သော အမြင်ထားရှိပါ

လက်သမား တစ်ယောက်က သူ၏ အလုပ်သည် သံရိုက်ခြင်းနှင့် ပျဉ်ပြားများကို လွှဖြင့်ဖြတ်တောက်ခြင်း အလုပ်ဖြစ်သည် ဟူ၍သာ သိမြင်ထားပါက မကြာမှီ စိတ်ပျက်အားလျော့ သွားပါမည်။ သို့သော် သူသည် လှပသော ဘီဒို (သို့မဟုတ်)အိမ်တစ်ဆောင်ကို ဆောက်လုပ်နေကြောင်း သိမြင်ထားပါက အလုပ်ကို တဆင့်ပြီး တဆင့် လုပ်ဆောင်ချိန်တွင် တက်ကြွစွာနှင့် ကျေနပ် ဝမ်းမြောက်စွာ လုပ်ဆောင်နေမည် ဖြစ်သည်။ သင်သည်လည်း သင်ခန်းစာများကို ဖတ်ရှုရုံ၊ အလွတ် ကျက်မှတ် ရုံနှင့် လက်တွေ့လေ့ကျင့်ရုံ မျှဖြင့် အဆုံးသတ်သွားမည့် သင်တန်းသို့ တက်ရောက်နေခြင်း မဟုတ်ပေ။ သင်သည် အကြီးမားဆုံးသော လုပ်ရှားမှုကြီး တစ်ရပ်ကို အကြီးမားဆုံးသော ရည်မှန်းချက်ကြီး အတွက် အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်ကြီး၏ နာမဖြင့် လုပ်ဆောင်နိုင်ရန် လေ့ကျင့် သင်ကြား နေခြင်းဖြစ်သည်။ ဤသင်တန်းနှင့် ပတ်သတ်သော သင်၏ မှန်ကန်သည့် အမြင်ကို မည်သည့်အခါမျှ မျက်ခြေအပျက် မခံပါနှင့်။

 

တစ်ကြိမ်လျှင် တပတ်တာ အတွက်သာ လုပ်ဆောင်ပါ

သင့်အနေဖြင့် ပြဋ္ဌါန်းထားသော စာအုပ်စာတန်းများ အားလုံးကို လေ့လာသင်ယူ နိုင်ရေးအတွက် သတ်မှတ်ထားသော အချိန် ဇယားနှင့်အညီ လုပ်ဆောင်နိုင်အောင် ဤသင်တန်းကို ပြင်ဆင် ပေးထားပါသည်။ သို့ဖြစ်၍ ဆန္ဒစော၍ ကျော်ပြီး မလေ့လာပါနှင့်၊ အလားတူ အနောက်ချန်၍လည်း အလုပ်ကြွေးတင်ကာ လေ့လာကျက်မှတ် ရခြင်းမျိုး မဖြစ် ပါစေနှင့်၊ အပတ်တိုင်း ပုံမှန် အိမ်စာနှင့် အလုပ်တာဝန်များကို ပြီးအောင်ဆောင်ရွက်ပါ။ ပေးအပ်ထားသော အိမ်စာများကို လိုအပ်သလို အလွတ်ကျက်မှတ်ခြင်း၊ ပိုင်နိုင်အောင် လေ့လာခြင်းများ ပြုလုပ်ပါ။ ဘုရားသခင် ပေးသော တက်စွမ်း စေနိုင်ခြင်း ကျေးဇူးတော်ကို ချီးမွမ်းပါ။ ဧဝံလေိပြန့်ပွားရေး (Evangelism Explosion) အမှုတော် လုပ်ငန်း တစ်ရပ်လုံးသည် ခက်ခဲသော အလုပ် ဖြစ်သော်လည်း တစ်ကြိမ်လျင် တပိုင်းစီဖြင့် အနည်းငယ်စီ ပုံမှန် လုပ်ဆောင်သွားပါက သေချာပေါက် အောင်မြင်မှုရရှိ သော အလုပ်ဖြစ်ကြောင်းကို အမြဲသတိရပါ။

 

အိမ်စာနှင့် အလုပ်တာဝန်များ အားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပါ

အပတ်စဉ် အိမ်စာနှင့် အလုပ်တာဝန်များကို သင်ခန်းစာ အခန်းတိုင်း၏ အစတွင်တွေ့ရပါမည်။ ဤအရာ များသည် အလွန်အရေးကြီး၏။ နေ့စဉ် နည်းနည်းစီဖြင့် အချိန်မှီ လုပ်ဆောင်သွားပါ။ အိမ်စာလေ့လာ ကျက်မှတ်ခြင်းကို တစ်ညတည်းဖြင့် အပြီးဆောင်ရွက်ရန် မကြိုးစားပါနှင့်။ ခွဲပြီး လေ့လာကျက်မှတ်ပါ။ အိမ်စာများသည် သင့်အား သခင်ခရစ်တော်အတွက် ထိရောက်သော သက်သေခံသူ တစ်ဦးဖြစ်လာအောင် တစ်ဆင့် တိုးလာစေသော အရာများ ဖြစ်ကြောင်းကို ရှုမြင်သတ်မှတ်ပြီး လုပ်ဆောင်ပါ။

 
Continue… » »


»» View in PDF adobe_pdf_file_icon_24x24
 


Scroll to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.