« Prev အမှာစာ ၁ ၂ ၃ ၄ အခန်းကြီး ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၅
၅း၂၅-၂၈ ရှင်ပေါလုသည် ယုံကြည်သူ ခရစ်ယာန်များ၏ ဆုတောင်းခြင်း၌ ဘုရားသခင်တွင် ပေးရန် အဖြေရှိကြောင်း လုံးဝယုံကြည်သူဖြစ်၏။ ထို့ကြောင့် အသင်းတော်များသို့ ရေးသည့် သြဝါဒစာ အားလုံးတွင် မိမိအတွက် သတိတရ ဆုတောင်းပေးကြရန် အစဉ် မှာကြားလေ့ရှိ၏။ ခရစ်ယာန်တိုင်းသည် မိမိတို့၏ ဝိညာဉ်ရေးရာ အကြီးအကဲ အမှုတော်ဆောင် ဧဝံဂေလိဆရာ၊ ဘာသာရေးနှင့် ပတ်သက်၍ အုပ်ချုပ်သူများအတွက် အစဉ်အမြဲ ဆုတောင်းပေးရန် တာဝန်ရှိသည်။ ပုဂ္ဂိုလ်ရေးရာအရ၊ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဆုတောင်းပေးရမည် ဇာတိအတွက် အလုပ်လုပ်သော သူများမဟုတ် ကောင်းကင်နိုင်ငံတော် အတွက် အမှုတော်မြတ် လုပ်ငန်းတွင် ဘုရားသခင် ဘိသိတ်ပေးထား သူများဟု နားလည်လျက် ဆုတောင်းပေးရန် မိမိတို့တစ်ဦးစီ၏ ဘုရားပေး တာဝန်ဖြစ်ကြောင်း ခံယူရန်ရှိသည်။
“ဤစာကို သန့်ရှင်းသော ညီအစ်ကို အပေါင်းတို့အား ဖတ်စေခြင်းငှာ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို ဓိဌာန်သစ္စာပေး၏” ဟူ၍ ရေးသော စာကြောင်းကို ကြည့်ခြင်းအားဖြင့် မိမိ၏ အားပေးသော စာသည် ယုံကြည်သူ ခရစ်ယာန်များအတွက် မည်မျှ အရေးကြီးကြောင်းကို ပေါ်လွင်ထင်ရှားစေသည်။ သက်သာလောနိတ် အသင်းတော်၏ သက်တမ်းသည် အလွန်နုနယ်သေးသည်။ ခရစ်တော်ကို ယုံကြည်သူများ စိတ်ပျက်ရန် နှောက်ယှက်မှု များလှသည်။ မှားယင်းသော အယူဝါဒ အတွေးအခေါ်များ စုံလင်လှသည်သာမက၊ ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်မှုကိုလည်း ခံရသောကြောင့် အလွန်စိတ်ပျက်သွားမည်ကို ရှင်ပေါလု စိုးရိမ်သည်။ ခရစ်တော် ဒုတိယအကြိမ် အမြန်ကြွလာရန် မြော်လင့်နေကြခြင်းလည်း ညှင်းပန်းနှိပ်စက် ခံရမှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်၏။ လှုသည် အသွေးအသားနှင့် တည်ဆောက်ထားမှုကြောင့် နာကျင်မှုကို ကြောက်ကြသည်ချည်းဖြစ်၏။ ထို့ကြောင့် လူ၏ စိတ်ဓာတ်ရေးရာ၊ ဝိညာဉ်ရေးရာကို ဖျက်ဆီးလိုလျှင်၊ လူ၏ အသွေးအသားကို ညှင်းဆဲလိုက်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း စာတန်မာရ်နတ် ကောင်းစွာသိသည်။ စာတန်၏ တပည့်တပန်းများလည်း ကောင်းစွာသိသည်။ ဤကဲ့သို့ ညှဉ်းပန်ခံရမှု အခြေအနေတွင် ရှင်ပေါလု၏ သြဝါဒစာသည် လူတိုင်းအတွက် ခွန်အားဖြစ်စေမည်။ ယုံကြည်ခြင်း တည်မြဲစေမည်။ ထို့ကြောင့် လူတိုင်းတို့အား ဖတ်စေရန် အဓိဌာန်သစ္စာ ပေးလိုက်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့ အနေနှင့်လည်း မိမိတို့ ပတ်ဝန်းကျင်တွင် ဒုက္ခရောက်နေသော သူများကိုတွေ့လျှင် ဝိညာဉ်ခွန်အား ပေးသင့်သည်။ ရှင်ပေါလု၏ သက်သာလောနိတ် သြဝါဒစာသည် သက်သာလောနိတ် အသင်းသားများ အတွက် သာမက တကမ္ဘာလုံး၌ ရှိသော ခရစ်ယာန်များ အားလုံးအတွက်လည်း ခွန်အားဖြစ်စေသောကြောင့် သမ္မာကျမ်းစာတော်မြတ်ထဲတွင် သြဝါဒစာတစ်စောင်အဖြစ် ယနေ့ထက်တိုင် တည်မြဲလျက်ရှိသည်။