« Prev အမှာစာ အခန်းကြီး ၁ ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အမှာစာ
မြေကြီးပေါ်တွင် လဲကျသွားသော ရှောလုသည် မြေကြီးပေါ်မှ ထလိုက်သောအခါ၊ မျက်စိကွယ်လျက် ရှိ၏။ ထို့ကြောင့် သူ၏ မိတ်ဆွေများ၏ လက်ကိုဆွဲလျက် ဒမာသက်မြို့ (Damascus) ထဲသို့ ဝင်သွားကြ၏။ သုံးရက်ပတ်လုံး ရှောလု (Saul) သည် မစားနိုင်၊ မသောက်နိုင်၊ မျက်စိကွယ်လျက်၊ ဒုက္ခရောက်လျက်ရှိ၏။
ထိုကဲ့သို့ ရှောလုဒုက္ခရောက် နေ့စဉ် သခင်ဘုရားသည် ဒမာသက်မြို့ရှိ အာနနိ (Ananias) အမည်ရှိသောသူကို ခေါ်၍ ရှောလုအပေါ် လက်တင်၍ ဆုတောင်းပေးခြင်းဖြင့် ရှောလု မျက်စိအလင်း ပြန်ရရန် စေလွှတ်၏။
ရှောလုသည် ခရစ်ယာန်တို့အား ညှဉ်းဆဲသတ်ဖြတ်သောသူ ဖြစ်ကြောင်း အာနာနိ သိထားသည် သာမက ယခု ရှောလု၊ ဒမာသက်သို့ လာခြင်းသည် ခရစ်ယာန် ရှိသမျှတို့ကို ချည်နှောင်ကာ ယေရုရှလင်မြို့တော်သို့ ညှဉ်းဆဲသတ်ဖြတ်ရန် ခေါ်ဆောင်မည်ကိုလည်း သူသိကြောင်း သခင်ဘုရားအား ပြန်လျှောက်၏။
သခင်ဘုရားကလည်း အာနာနိအား စိုးရိမ်ခြင်း မရှိရန်၊ ရှောလုအား ခရစ်တော်၏ တရားကို ရှင်ဘုရင်များ ထံသို့၎င်း၊ တပါးအမျိုးသားများ ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့၎င်း၊ ဟောကြားရန် ရွေးချယ်လိုက်ပြီဖြစ်ကြောင်းပြန်ပြောတော်မူ၏။
အာနာနိသည်လည်း ရှောလုတည်းခိုသော ယုဒ၏ အိမ်သို့သွား၍ ရှောလုအား တွေ့သောအခါ ရှောလု၏ အပေါ်တွင် လက်ကိုတင်၍ “ညီရှောလု၊ သင်လာသော လမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏ မျက်စိကို မြင်ပြန်စေခြင်းငှါ၎င်း၊ သင့်ကို သန့်ရှင်းသော ဝိညာတော်နှင့် ပြည့်စေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူ၏” ဟုပြောဆို၏။
ထိုခဏချင်းတွင် ရှောလု၏ မျက်စိမှ ငါးကြေးကွာကျ သကဲ့သို့ဖြစ်၍ မျက်စိပြန်မြင်လာ၏။ မျက်စိမြင်လာသောအခါ ရှောလုသည် ထ၍ ဗတ္တိဇံ (Baptism) ကို ခံပြီးလျှင် အစာအဟာရကို သုံးဆောင်၏ (တမန်တော် ၉း၁၈)။