« « မာတိကာ Table of Contents


၁၄း မှန်ကန်သောကိုးကွယ်ခြင်း

ယေ ၇း၃-၁၁၊ မိ ၆း၆-၈၊ ဟေရှာ ၁း၁-၁၈

 

ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘာသာဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။
 
ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော် ဖြစ်သတည်းဟု မုသားစကားကို ပြောဆိုသော သူတို့၌ မမှီဝဲကြနှင့်။
 
သင်တို့ ဘာသာဓလေ့နှင့် သင်တို့ အကျင့်များကို စုံလင်စွာ ပြုပြင်လျှင်လည်းကောင်း၊ အမှုသည်ချင်း တို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်လည်းကောင်း၊
 
ဧည့်သည် အာဂန္တု မိဘမရှိသောသူငယ်၊ မုဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြား တပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင် လည်းကောင်း၊
 
သင်တို့ ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသောပြည် တည်းဟူသော ဤအရပ် ဌာန၌ သင်တို့ကို ငါနေစေမည်။
 
အကျိုးမရှိဘဲ မုသားစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
 
သင်တို့သည် သူ့ဥစ္စာကိုခိုးလျက် လူ့အသက်ကို သတ်လျက်၊ သူ့မယားကို ပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရား ရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက်နှင့်။
 
ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဖွယ်သောအမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ကြ ရမည်လော။
 
ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ဒမြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
 
ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ်ပူဇော်သက္ကာ ပြုပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင် ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသူငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
 
ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရ နှစ်သက်တော် မူမည်လော။ ငါလွန်ကျူးခြင်း အတွက် ငါ၏ သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ ရင်သွေးကို လည်းကောင်း ပူဇော်ရမည်လော။
 
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း။
 
ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရိစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ၊၊ နွားနှင့် သိုးသူငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊၊
 
သင်တို့သည် ငါ့ရှေ့မှာ မျက်နှာပြခြင်းငှာ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူ တောင်းသနည်း။
 
အချည်းနှီးသောသူ ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့ မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ် စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
 
ငါ့ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ ပွဲများကိုမုန်း၏။ ငါ့ကို နှောက်ယှက် စရာဖြစ်၏။ သည်းခံခြင်း အားဖြင့် ငါပင်ပန်း၏။
 
သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကို လွှဲမည်၊ များစွာသော ပဌနာကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့ လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။
 
ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
 
ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့၊ တရားသဖြင့် ပြုခြင်းငှာ ရှာကြံ ကြလော့။ ကောက်သော အရာကို ဖြောင့်စေ ကြလော့။ မိဘ မရှိသော သူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုတ်ဆိုးမ တို့၏ အမှုကို စောင့်ကြလော့။
 
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင် ကြကုန်အံ့။ သင်တို့ အပြစ်သည် နီသောအဆင်း ရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.