၄၈း ခရစ်ယာန်တို့၏လက်နက်စုံ
ဧ ၆း၁၀-၁၈၊ ရော ၁၃း၁၂-၁၄
ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့် လည်းကောင်း၊ တန်ခိုးတော် အရှိန်အားဖြင့် လည်းကောင်း၊ ခိုင်ခန့်ခြင်း ရှိကြလော့။
မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည် အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။
အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန် ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် လည်းကောင်း၊ အာဏာစက်တို့နှင့် လည်းကောင်း၊ လောကီ မှောင်မိုက်၌ အစိုးတရပြုသော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။
ထိုကြောင့်၊ ခဲယဉ်း ဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။
သစ္စာတရားဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊
ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိ တရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။
မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်း တည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့ အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
ကယ်တင်ခြင်း တည်းဟူသော သံခမောက်လုံး ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ် တည်းဟူသော ဝိညာဉ်တော်၏ ဓားကိုလည်းကောင်း ယူကြလော့။
ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။
မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင် ဆောင်ရွက် ကြကုန်အံ့။
ပွဲလုပ်ခြင်း၊ ယဇ်မျိုး သောက်ကြူးခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူ ကြကုန်အံ့။
သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင် ကြလော့။ ကိုယ်ကာယ၏ တပ်မက်ခြင်းအလို့ငှာ မကြံစည်ကြနှင့်။

Back to Top ▲