« « မာတိကာ Table of Contents


၃၃ နေ့စဉ်အသက်ရှင်ခြင်း၏ လက္ခဏာများ

ရော ၁၂း၁-၅၊ ၉-၁၈၊ ၂၁

 

ညီအစ်ကိုတို့ အသက်ရှင်ခြင်းလက္ခဏာ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော် မူဖွယ်သော လက္ခဏာနှင့်ပြည့်စုံသော ယဇ်ကိုသင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သော ဝတ်ကို ပြုမည့်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။
 
သင်တို့သည် လောကီ ပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သော အရာ၊ နှစ်သက်ဖွယ်သော အရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင် အလိုတော်ရှိသော အရာသည် အဘယ်အရာ ဖြစ်သည်ကို သိနိုင်မည့် အကြောင်း စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
 
သင်တို့သည် ကိုယ်ကို ထင်သင့်သည့်အတိုင်းထက် လွန်၍မထင်ပဲ၊ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော် မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာ ထင်ရမည့်အကြောင်း၊ ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင်ရှိသမျှသော သူတို့ကိုမှာထား၏။
 
ဥပမာကား၊ ကိုယ်တခု၌ အင်္ဂါအများ ရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာ အမှုတခုတည်း မရှိသကဲ့သို့-
 
ထို့အတူ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တကိုယ်တည်းဖြစ်၍၊ အသီးအသီး အင်္ဂါချင်း ဖြစ်ကြ၏။
 
မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သော အမှုကို စက်ဆုပ်ရွံရှာ ကြလော့။ ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ် ကြလော့။
 
ညီအစ်ကို ချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တယောက်ကိုတယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။
 
အားထုတ်ခြင်း အရာမှာ ပျင်းရိခြင်း မရှိပဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။
 
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါ သည်းခံ ကြလော့။ ဆုတောင်း ပတ္ထနာပြုခြင်း အမှုကို အမြဲပြု ကြလော့။
 
သန့်ရှင်း သူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်း ကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကိုကြိုးစား၍ ပြုကြလော့။
 
သင်တို့ကို ညှဉ်းဆဲသော သူတို့အဖို့ မေတ္တာပို့ ကြလော့။ ကျိန်ဆဲခြင်းကို မပြု၊ မေတ္တာပို့ခြင်း ကိုသာ ပြုကြလော့။
 
ဝမ်းမြောက်သော သူတို့နှင့်အတူ ဝမ်းမြောက်ခြင်းကို လည်းကောင်း၊ ငိုကြွေးသော သူတို့နှင့် အတူ ငိုကြွေးခြင်းကို လည်းကောင်း ပြုကြလော့။
 
အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့၊ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်း မရှိကြနှင့်။ နှိမ့်ချသော သူတို့ကို အပေါင်းအဖော် လုပ်ကြလော့။ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုကိုယ် မထင်ကြနှင့်။
 
အဘယ်သူကိုမျှ ရန်တုံ့မမူ ကြနှင့်။ လူအပေါင်းတို့ ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကိုကြံစည် ကြလော့။
 
သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့် နေကြလော့။
 
အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.